နေပြည်တော် နိုဝင်ဘာ ၁၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး အား မြန်မာ- တရုတ်ခရီးသွားမြှင့်တင်ရေး (Exploring Myanmar Culture & Tourism Organization) ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. Liu Wei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက် ပိုင်းတွင် တရုတ်နိုင်ငံရှိ TikTok တွင် ဖွင့်လှစ်ထားသော “Myanmar Pavilion” ခရီးသွားမြှင့်တင်ရေး ပလက်ဖောင်းကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများနှင့် ယဉ်ကျေးမှုများကို တရုတ်နိုင်ငံသားတိုင်းသိရှိစေရန် မိတ်ဆက်ပေးနိုင်ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လာရောက်တွေ့ဆုံတင်ပြသည်။
တွေ့ဆုံစဉ် တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ အစားအစာများ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို မြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်နိုင်ငံမှ social influencer များ၊ သတင်းမီဒီယာများ၊ ခရီးသွားဘလော့ဂါများနှင့် ခရီးသွားအေဂျင်စီများပါဝင်သော ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip (ဖန်ထရစ်)) အား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွား မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းတုသတင်းမှားများကို အမှန်သတင်းဖော်ပြနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်- မြန်မာ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများအကြား communication channel တည်ဆောက်နိုင်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှုးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်