နေပြည်တော် မတ် ၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ Red Mountain ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှု လေ့လာပြီး လိုအပ်သည်များကိုမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့သို့သွားရောက်ကာ ညောင်ရွှေ-အင်းလေး ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များကို အဆင်ပြေ ချောမွေ့စွာ သွားလာလည်ပတ်နိုင်ရန်နှင့် ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြန်ကြားပေးနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီသွားလာရေးကဏ္ဍသာမက ဒေသန္တရဗဟုသုတများ၊ ဘာသာစကားနှင့် ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာများကိုပါ ကျွမ်းကျင်မှုရှိစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ သတင်းပြန်ကြားရေးကောင်တာတွင် ခရီးသည်များ သွားလာလည်ပတ်နိုင်သည့် ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များ၊ သယ်ယူ ပို့ဆောင်ရေး၊ တည်းခိုနေထိုင်စားသောက်ရေး စသည့်အချက်အလက်များ၊ ခရီးစဉ်ဒေသ၏ မြေပုံများနှင့် ခရီးသွားဧည့်သည်များ သိသင့်သိထိုက်သည့် အချက်အလက်များကို ပြည့်စုံမှန်ကန်အောင် ဖြည့်တင်းဆောင်ရွက်ထားစေလိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်းလေးကန်သို့ လာရောက်လည်ပတ်ကြသည့် ခရီးသည်များ အသုံးပြုနိုင်ရန် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ထားသည့် စက်လှေဆိပ်အား လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးရေတံခွန်သို့သွားရောက်ကာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေ လည်ပတ်နိုင်ရန်အတွက် ခရီးစဉ်ဒေသအသစ် ဖော်ထုတ်ဆောင်ရွက်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်