နေပြည်တော် မတ်၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ခရိုင်/ မြို့နယ်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့ဝင်များကို Royal Taunggyi Hotel ၌ တွေ့ဆုံရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်သည် ဖော်ရွေပျူငှာသည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ၊ နေထိုင်စားသောက်ပုံများ၊ တန်ခိုးကြီးဘုရားစေတီများ၏ ရိုးရာပွဲတော်များအပြင် ရှုမငြီးစရာရှမ်းတောင်တန်း၏ သဘာဝအလှအပများ၊ သစ်ပင်ပန်းမန်များ နှင့်စားပင်သီးပင်များ၊ အေးမြသာယာသော ရာသီဥတုအခြေအနေများသည် ပြည်တွင်း/ ပြည်ပ ခရီးသွားများအတွက် မရိုးနိုင်သည့် ခရီးသွားဆွဲဆောင်မှုများဖြစ်ပါကြောင်း၊DMO များအနေဖြင့် ခရီးသွားလုပ်ငန်းမှတဆင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်လင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာကစားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးတို့သည် တောင်ကြီးမြို့ရှိ မဟာရဏဘုရားကျောင်းတွင် တရုတ်အစားအစာချက်ပြုနည်းသင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှု အခြေအနေများနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ အထင်ကရ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည့် ဟိုပုံးမြို့နယ်ရှိ ထန်ဆမ်းဂူတို့ကို လှည့်လည်ကြည့်ရှုပြီး အလှူငွေများပေးအပ်လှူဒါန်းသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဟိုပုံးမြို့အနီးရှိ ဟိုပုံးရေထွက်ခရီးစဉ်ဒေသနေရာ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်