နေပြည်တော် ဒီဇင်ဘာ ၂၈

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ဒီဇင်ဘာ (၂၃)ရက်က မန္တလေး တိုင်းဒေသကြီး အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်ရုံမှူးက သံမဏိထုတ်လုပ်မှု၊ Electric Arc Furnace (EAF) တွင် မီးခံအုတ် အသစ်လဲလှယ်မှု၊ Air Separation Plant တွင် အောက်စီဂျင်ထွက်ရှိမှု၊ Steel Billet များ ထုတ်လုပ်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေ အနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Steel Billet ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်ရုံမှူးနှင့် ဝန်ထမ်းများ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ စက်ရုံကုန်ထုတ်လုပ်ငန်းများ ယခု ထက်တိုးတက်အောင် ကြိုးပမ်းကြရန်၊ စက်ရုံလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး Meltshop-1 သံရည်ကျိုလုပ်ငန်း ဆောင်ရွက်နေမှု၊ Air Separation Plant တွင် အောက်စီဂျင်နှင့် နိုက်ထရိုဂျင်ထုတ်လုပ်မှုနှင့် စီမံကိန်း Drawing များ စနစ်တကျ ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ (၂၄)ရက်က ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက စက်မှုမှတ်ပုံတင်လုပ်ငန်း၊ လျှပ်စစ်စစ်ဆေးခြင်းလုပ်ငန်း၊ ဘွိုင်လာစစ်ဆေးခြင်း လုပ်ငန်းနှင့် MSME ချေးငွေဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်လင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက မှတ်ပုံတင်လုပ်ငန်းများကို သတ်မှတ်ထားသော လုပ်ငန်းအစီအမံအတိုင်း ပြည့်စုံပါက ကြန့်ကြာမှုမရှိဘဲ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ ဝန်ထမ်း၊ ပစ္စည်း၊ အဆောက်အဦ၊ သတင်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များကို အထူး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်ဒေသကြီး ကြံခင်းမြို့နယ်ရှိ အမှတ် (၃၂)အကြီးစားစက်ရုံ (ကြံခင်း) ဘိလပ်မြေစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံ အစည်းအဝေးခန်းမ၌ အမှတ်(၃၂)အကြီးစားစက်ရုံ (ကြံခင်း)အား အကျိုးတူပူးပေါင်း ဆောင် ရွက်ခြင်းအတွက် စီမံကိန်းဦးဆောင်ကော်မတီမှ Asia Square Power Group Co., Ltd. နှင့် စက်ရုံလုပ်ငန်း စီမံကိန်းကြီးကြပ်ရေးအဖွဲ့တို့အား တွေ့ဆုံကာ စက်ရုံလည်ပတ်နိုင်ရေးအတွက် Master Plan များ ရေးဆွဲထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အမှတ်(၃၂)အကြီးစားစက်ရုံ (ကြံခင်း) ဘိလပ်မြေစက်ရုံ၏ ကုန်ကြမ်းထုံးကျောက် သယ်ဆောင်ရာတွင် အသုံးပြုနေသော လျှပ်စစ် စက်ခေါင်းဖြင့် မောင်းနှင်သည့်တွဲဆိုင်းနှင့် မီးရထားလမ်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။

ထို့ပြင် ဒုတိယဝန်ကြီးသည်     ဒီဇင်ဘာ ၂၅ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်ရုံမှူးက စက်ရုံလည်ပတ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လျာထားချက် များအပေါ် လိုအပ်သော စက်ပစ္စည်း၊ ကုန်ကြမ်းများရရှိရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် Action Plan, Production Plan နှင့် Marketing Plan များကို စနစ်တကျရေးဆွဲဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်ငန်း များ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်