ဒုတိယဝန်ကြီး ဦးထွန်းအုံ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၂၄

 

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထွန်းအုံက မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် OneMap Myanmar ၏ အဓိကရည်ရွယ်ချက်မှာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏မြေပုံ၊ ကိန်းဂဏန်းများ၊ ကောက်ယူစုစည်းသော နည်းစနစ်များ၊ မြေပုံထုတ်လုပ်သောနည်းစနစ်များ၊ အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားနေခြင်းကြောင့် ပြန်လည်မျှဝေအသုံးပြုနိုင်ရန် အခက်အခဲများကို တွေ့ရှိခဲ့ရသည့်အတွက် စနစ်တစ်ခုတည်းဖြစ်စေရန် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 

လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသိုဒေသနှင့် နေပြည်တော်ကောင်စီနယ်မြေများအား Geodatabase တည်ဆောက်နိုင်ရေးအတွက် ဌာနဆိုင်ရာများမှ အချက်အလက်များ တောင်းခံခဲ့ပြီး ရရှိသော အချက်အလက်များဖြင့် Geodatabase တည်ဆောက်နိုင်ခဲ့ကြောင်း၊ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က Web Portal နှင့် လိုအပ်သော Software များရေးသားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ရာ Web Portal တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း၏ Infrastructure တည်ဆောက်နိုင်ရန် လိုအပ်သော Hardware နှင့် Software များ ဝယ်ယူဖြည့်တင်းနိုင်ရန်အတွက် မြေတိုင်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းပညာရှင်အင်အားဖြင့် OneMap Myanmar- Web Portal တစ်ခု လွှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်‌ရောက်လာသူများက OneMap Myanmar- Web Portal တည်ဆောက်ရေး၊ ICT Infrastructure များဖြည့်ဆည်းပံ့ပို့ရေး၊ GIS နည်းပညာ အသုံးပြုရေးတို့ကို ဆွေးနွေးကြသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ပါမောက္ခနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်