နေပြည်တော် ဩဂုတ် ၁၉    

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ကန်တော်ကြီး ရေဝေရေလဲ ကြိုးပြင်ကာကွယ်တောအတွင်းရှိ ပရဆေး ဥယျာဉ်၊ သစ်မျိုးစုံစိုက်ခင်း၊ သီးနှံသစ်တောရောနှောစိုက်ခင်းနှင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်အောင်မြင်မှုကို ကြည့်ရှု စစ်ဆေးပြီး သစ်တောသယံဇာတ ထုတ်ယူသုံးစွဲမှုကိုလျှော့ချ၍ ပြည်သူများ၏ သစ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ရန်၊ စိုက်ခင်းများကို ပြုစုထိန်းသိမ်းရေးကို သစ်တောသယံဇာတ ရေရှည်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင် မှုစနစ်ဖြင့် စီမံဆောင်ရွက်ရန်နှင့် ပွင့်လင်းရာသီသို့ရောက်ရှိပါက တောမီးအန္တရာယ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၅၀/၅) ၊ ၆၉၅၁၂ ဧကရှိသော စလူကြိုးဝိုင်းအတွင်းရှိ အကွက်အမှတ် (၂၆၄) မှ ရတနာတင့်ကုမ္ပဏီ၏ ပုဂ္ဂလိက ဝါး စိုက်ခင်း ဧက ၁၀၀ တည်ထောင်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး ဌာနအနေဖြင့် ဝါးပျိုးပင်နှင့် စိုက်ပျိုးနည်းစနစ်များကို ဝါးစိုက်တောင်သူများသို့ ဖြန့်ဝေ သွားရန်နှင့် ဝါးအခြေခံတန်ဖိုးမြှင့် အချောထည်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း ပြည်ပ ဈေးကွက်ရရှိရေး၊ အဆိုပါထုတ်ကုန်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ပေါင်းစပ်ဆောင်ရွက် သွားရန် မှာကြားသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးမြို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးရုံး၊ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းတို့မှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ခံ အရာထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)