နေပြည်တော်၊ မေ ၁၂

    
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ့အာမခံ လုပ်ငန်းနှင့် e-Visa စနစ်အား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Easenet ကုမ္ပဏီတို့မှ တာဝန်ရှိသူတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
    
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် Online e-Visa စနစ်ဖြင့် e-Visa (ကမ္ဘာလှည့်) ကို နိုင်ငံပေါင်း (၁၀၀)၊ e-Visa (လုပ်ငန်း) ကို နိုင်ငံပေါင်း (၅၅) နိုင်ငံ ခွင့်ပြုဆောင်ရွက်နေရာမှ ကိုဗစ်-၁၉ ရောဂါအခြေအနေ ကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ် (၂၃) ရက်မှစ၍ ယာယီရပ်ဆိုင်း ထားခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာလျော့နည်း ကျဆင်းလာမှုကြောင့် e-Visa ဖြင့် (Business) လုပ်ငန်းဗီဇာကို ဧပြီ (၁) ရက်မှ ပြန်လည်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဧပြီ (၁၇) ရက်မှစ၍လည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်း လိုင်းများကို ပြန်လည်ဝင်/ထွက် ပျံသန်းခွင့်ပြုခဲ့ရာ e-Visa (Business) ဖြင့် လျှောက်ထား ဝင်ရောက်လာမှုများ ရှိပါကြောင်း၊ ယခု ထပ်မံ၍ e-Visa (Tourist) ကမ္ဘာလှည့်ဗီဇာကို ခွင့်ပြုချက်အရ ခွင့်ပြုဆောင်ရွက်ရန်ရှိရာ နိုင်ငံအတွင်း ဝင်ရောက်လာမည့် နိုင်ငံခြား သားများကို အဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ ချပြနိုင်ရေးသည် အရေးကြီး ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနမှ e-Visa (ကမ္ဘာလှည့်) ဖြင့် ဝင်ရောက်လာမည့် နိုင်ငံခြား သားများ ခွင့်ပြုချက်လျှောက်ထားရာတွင် အချက်အလက်ပြည့်စုံမှန်ကန်စေရေးအတွက် လိုအပ်ချက်များ ထုတ်ပြန်ပေးသကဲ့သို့ ပူးပေါင်ဆောင်ရွက်ကြမည့် ဆက်စပ်ဌာန များအနေဖြင့် လိုအပ်ချက်များ အဆင်သင့်ဖြစ် စေရေးနှင့် အသိပေးရန်လိုအပ်ချက်များ အချိန်မီထုတ်ပြန်ရေးအတွက် ယခုအစည်း အဝေးကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ e-Visa (ကမ္ဘာလှည့်) ခွင့်ပြုနိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို စေ့စပ် သေချာစွာ ဆောင်ရွက်နိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 
    
ထို့နောက် တက်ရောက်လာကြသူများက လက်ရှိလေကြောင်းလိုင်းများ ပြေးဆွဲမှုနှင့် ခရီးသည်များ ဝင်ရောက်မှုအခြေအနေ၊ ကျန်းမာရေးဆိုင်ရာစစ်ဆေးဆောင်ရွက်မှုနှင့် ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိမှုအခြေအနေ၊ e-Visa (Business) ဖြင့် ဝင်ရောက်နေမှုနှင့် (Tourist Visa) ဖြင့် လျှောက်ထားခွင့်ပြုဆောင်ရွက်ရာတွင် နိုင်ငံခြားသားဝင်ရောက်မှု ပိုမိုများပြားလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ချက်များကို အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။
    
ယင်းနောက် တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးပြီး e-Visa (Toursit) ဖြင့် ဝင်ရောက်လာမည့်သူများ အဆင်ပြေချောမွေ့စေရေးအတွက် အဖက်ဖက်က ကြိုတင်မျှော်တွေးဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။ (သတင်းစဉ်)