နေပြည်တော် ၁၇ ဩဂုတ်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် မန္တလေး ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်း MGRG အမြန် ရေယာဉ်ပေါ်၌ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းနှင့် ခရီးသည်ပို့ဆောင်ရေးအသင်းတို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ မင်းကွန်းကျေးရွာသို့ ရောက်ရှိကာ မြသိန်းတန်စေတီနှင့် မင်းကွန်းခေါင်းလောင်းတို့ရှိ ဘုရားဂေါပက အဖွဲ့များနှင့်တွေ့ဆုံ၍ ဘုရားဖူး ဧည့်သည်များ ဘေးကင်းလုံခြုံစွာ လာရောက်လည်ပတ်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပေါင်းစပ်ကာ ပြုစုထားရှိသော Tourism National Guidelines for COVID-19 Safe Services (Beta Version-V) နှင့်အညီ ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မင်းကွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် အမှတ်တရပစ္စည်း ရောင်းချသူများ၊ လမ်းဘေးဈေးသည်များနှင့် စက်လှေသမားများအတွက် COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
ဒုတိယဝန်ကြီး ဦးတင်လတ်သည် မန္တလေးမြို့ ဦးပိန်တံတားအနီး တောင်မင်းကြီး ဘုရားပရဝုဏ်၌ တောင်သမန်လှေသမားများအတွက် COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်လှစ်ပို့ချနေမှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန သတင်းပြန်ကြားရေး ကောင်တာတွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်တွင်းခရီးသွားစစ်တမ်း (Survey) ကောက်ယူ နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ကသာခရိုင် မော်လူးမြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းက White City ခံတပ်နှင့် ဟဲနူးပြတိုက်၊ ကသာမြို့နယ်အတွင်းရှိ ကိုလိုနီခေတ် အဆောက်အဦများဖြစ်သည့် ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ်ရဲ ဝန်ထောက်ဘဝဖြင့် ကသာမြို့တွင် နေထိုင်ခဲ့သည့် အိမ်၊ သစ်တော၊ အခွန်၊ ဝန်ထောက်မင်းအိမ်၊ သစ်တောအရေးပိုင် အိမ်နှင့်ရုံး၊ လမ်းအရေးပိုင်အိမ် (လမ်း ဘက်ဌာန)၊ မီးရထားလမ်းအရေး ပိုင်အိမ်နှင့် မီးရထား သံလမ်း ဗိုလ်နေအိမ်များသို့ သွားရောက်ကာ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ၊ ပြည်တွင်းခရီးသွားများ လာရောက်လေ့လာလည်ပတ်နိုင်မှုများ၊ ခရီးစဉ်လမ်းကြောင်းအသစ်များ ဖော်ထုတ်နိုင်မှုအခြေအနေများကို ကြည့်ရှုသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကသာမြို့နယ် သာဂရကျေးရွာသို့ သွားရောက်ကာ ကျေးရွာရှိ သစ်သားသက်သက်ဖြင့် အမြင့်ပေ (၁၀၀) ဆောက်လုပ်ထားသည့် ဘုံခုနှစ်ဆင့် ဘုန်းကြီး ကျောင်းအတွင်း ဘုရားဖူးများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များပါ Physical Distancing သတ်မှတ်ချက်များနှင့်အညီ လာရောက် ဖူးမြော် လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှုကာ ကျောင်းထိုင်ဆရာတော်ထံ အလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကသာခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုကော်မတီ (DMO) များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်းတော်မြို့သို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သော ဂျပန်မြေအောက် စစ်ဆေးရုံ ပြန်လည်ဖော်ထုတ်မှုများနှင့် တူးဖော်ရရှိသည့် ပစ္စည်းများအား ပြသထားသည့် ပြတိုက်အား လှည့်လည်ကြည့်ရှုပြီး မန်လည်ရွာရှိ မန်လည် ဆရာတော်ဘုရားကြီး ရုပ်ကလပ်အား ဖူးမြော်ကြည်ညိုကာ နာယက ဆရာတော်အား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မြစ်ကြီးနား- မန္တလေး အမြန်ရထားဖြင့် အင်းတော် ဘူတာမှထွက်ခွာ၍ မဲဇာဘူတာ၊ ကောလင်းဘူတာတို့တွင် ဘူတာရုံပိုင်ကြီးများနှင့် တွေ့ဆုံကာ ပြည်တွင်းခရီးသည်များ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရန် Physical Distancing ဆောင်ရွက် ထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)