နေပြည်တော်၊ ဇွန် ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၀) ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာ အနီးရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မည့် စီမံချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သမိုင်းဝင် အဆောက်အဦကို ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မူလပုံစံမပျက် ရေရှည်တည်တံ့အောင် စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်လိုကြောင်း၊ မီးဘေးလုံခြုံရေးအပါအဝင် အမြဲတမ်း လုံခြုံရေး ထားရှိနိုင်ရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီးနှင့် အနော်ရထာရိပ်သာ ခန်းမဆောင်အတွင်း ကြည့်ရှုစစ်ဆေးပြီး အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမ အဝင်လမ်းနှင့် အထွက်လမ်း ပြင်ဆင်ဖောက်လုပ်မည့် အခြေအနေများ ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်မည့် စီမံချက်အတိုင်း သတ်မှတ်ချိန်ပြီးစီးရေး အလေးထားကြပ်မတ်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်