နေပြည်တော် ဖေဖော်ဝါရီလ ၁၅
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်လွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) သို့ ရောက်ရှိပြီး ဘဏ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးသည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
အစည်းအဝေးသို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာ၊ အင်ဂျင်နီယာမှူးကြီး ဒေါ်ခင်သီသီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် စီမံကိန်းမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက စီမံကိန်းတာဝန်ရှိသူများအနေဖြင့် အမှန်တကယ် ပြီးစီးနိုင်သည့် အဆောက်အဦများ၏ စာရင်းကိုသာတင်ပြရန်လိုကြောင်း၊ ဆောင်ရွက်ရန်ကျန် အဆောက်အဦ (၁၇) လုံး အနက် (၁၂) လုံးကို ၂၀၂၅ ခုနှစ် မတ်လအတွင်းအပြီး ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အဦများပြီးစီးပါက အခန်းနေရာချထားနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။
ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဒေါ်ခင်သီသီက အိမ်ရာစီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ပြီးစီးရမည့်နေ့ရက်များ၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများနှင့် မြေညီထပ်အခန်းဖွဲ့ကာရန်ခြင်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဇော်က အိမ်ခန်းနေရာ ချထားပြီးစီးမှုအခြေအနေတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်မှ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှု အခြေအနေနှင့် လုပ်ငန်းအခက်အခဲများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးမှ အိမ်ရာစီမံကိန်းဆိုင်ရာ အခြေအနေများအား ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်
