နေပြည်တော်၊ စက်တင်ဘာ ၁၁

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် မကွေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး ရန်ကုန် - ပြည် - မကွေး - မန္တလေးလမ်း ( မကွေး - အောင်လံ) လမ်းအပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတံတား (သရက်-အောင်လံ) စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတံတား (သရက် - အောင်လံ) သည် အရေးပါသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ မြန်ဆန်စွာပြီးစီးနိုင်ရေး အဘက်အဘက်မှစဉ်းစားပြီး ဝိုင်းဝန်းကြိုးပမ်းပေါင်းစပ် ဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။

 

ဧရာဝတီတံတား ( သရက် - အောင်လံ ) သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် တည်ရှိပြီး ဧရာဝတီမြစ် အရှ့ဘက်ကမ်း အောင်လံခရိုင်၊ အောင်လံမြို့နှင့် အနောက်ဘက်ကမ်း သရက်ခရိုင်၊ သရက်မြို့တို့ကို ဆက်သွယ်တည်ဆောက်ထားသော တံတားတစ်စင်းဖြစ်ပါသည်။ တံတားကြီး၏ အရှည်မှာ ( ၂၂၇၂ ဒသမ ၅ ) မီတာ၊ ယာဉ်သွားလမ်းကင်းလွတ် အကျယ် မီတာ (၁၃၀) နှင့် အမြင့် (၁၆) မီတာရှိပြီး တံတားအမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ AASHTO HS-25 Loading ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ (ရန်ကုန် - ပြည် - မကွေး - မန္တလေးလမ်း ) အပိုင်းအား B.O.T စနစ်ဖြင့် မက်(စ်) ဟိုင်းဝေးကုမ္ပဏီမှ လမ်းပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင်အမှတ် (၁၅၇/၃) နှင့် (၁၅၇/၅) ကြား မျက်ကွယ်ကွေ့နေရာအား ယာဉ်အန္တရာယ် မဖြစ်စေရေးတို့အတွက် လမ်းဖြောင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ မက်(စ်) ဟိုင်းဝေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးနှင့် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးတိုးတိုး တို့က ရှင်းလင်းတင်ပြကြသည်။

 

ထိုနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး လမ်းဉီးစီးဌာန သာယာဝတီခရိုင်ရုံးတွင် တိုင်း / ခရိုင် / မြို့နယ်ရှိ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အထူးအဖွဲ့များမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းသစ္စာ အဓိဌာန် (၆) ချက်နှင့်အညီ တာဝန်ထမ်းဆောင်ပြီး ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း၊ တာဝန်ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများဖြစ်စေလိုကြောင်း၊ ကူးစက်ရောဂါများ မပြန့်ပွားစေရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆောင်ရွက်ရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်စဉ် စာရွက်၊ စာတမ်း လုံခြုံရေး၊ စက်ယာဉ်ယန္တရားလုံခြုံရေး၊ လူလုံခြုံရေး၊ ဂရုပြုဆောင်ရွက်ရန်လိုကြောင်း ပြောကြာသည်။

 

ဆက်လက်၍ အဆောက်အဦ ဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်တို့က လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဝန်ထမ်းများ၏ ပြန်လည်တင်ပြ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်