နေပြည်တော် အောက်တိုဘာ ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း အမှတ်(၃)လမ်းဆုံ တိုးလ်ဂိတ်၌ ယာဉ်များပိတ်ဆို့မှုမရှိဘဲ ယာဉ်ကြီးယာဉ်ငယ်အားလုံး ပုံမှန်အတိုင်းသွားလာနေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား တိုးလ်ဂိတ်ဖြတ်သန်းစဉ် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး Lane အလိုက် တာဝန်ခွဲဝေ ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၁/၂ နှင့် ၁၁/၃ အကြားရှိ ငမိုးရိပ်တံတားကြံ့ခိုင်မှုပဲခူးမြို့ အနောက်မြို့ရှောင်လမ်းပေါ်ရှိ မိုးရေတိုက်စားမှုကြောင့် လမ်းတာ ဘောင်ပြတ်တောက်သွားသည့်နေရာအား ဘေလီတံတားထိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပဲခူးအရှေ့ မြို့ရှောင်လမ်းပေါ်ရှိ အရှည်ပေ(၃၀)တံတား ချဉ်းကပ်လမ်းရေတိုက်စားသည့်နေရာအား ရေကာတုတ်ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပဲခူးမြို့အနောက်မြို့ရှောင်လမ်းပေါ်ရှိ ရေတိုက်စားမှုကြောင့် ပြတ်တောက်သွား သည့် တံတားအမှတ်(၉/၂) Box Culvert နေရာများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး(မြို့ပြ)က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ပဲခူးမြို့ အနောက်မြို့ရှောင်လမ်းပိုင်းပေါ်တွင် ရေတိုက်စားခြင်းကြောင့် ပြတ်တောက်မှု(၄)နေရာရှိခဲ့ပြီး ပေ(၆၀) အရှည် နှစ်လွှာတစ်ထပ်ဘေလီတံတား ထိုးခြင်းလုပ်ငန်း(၃)နေရာနှင့် ကျောက်ဖြည့်ခြင်းလုပ်ငန်း (၁)နေရာဆောင်ရွက်ခဲ့ရာ ယခုအခါ (၂)နေရာတွင် ပြန်လည်အသုံးပြု၍ ရပြီဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘုရားကြီး-ဘောနက်ကြီးလမ်းပိုင်း၌ ယာဉ်များ ပိတ်ဆို့မှုမရှိစေရေး နှင့် ဘောနက်ကြီး ယာဉ်ရပ်နားစခန်းအတွင်းရှိ ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များ အမြန်လမ်းမှတဆင့် သွားလာနိုင်ရေး စီမံဆောင်ရွက်ပေးပြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ ဖြူးတိုးလ်ဂိတ်နှင့် စီလမ်းဆုံ တိုးလ်ဂိတ်တို့ရှိ ယာဉ်ဖြတ်သန်းခများကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)