နေပြည်တော် ဇန်နဝါရီ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်ရှိ (နေပြည်တော်-ရန်ကုန် လမ်းအပိုင်း)အား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး သို့ရောက်ရှိကြရာ တိုင်းဒေသကြီး တာဝန်ရှိသူများက ခရိုင်/မြို့နယ်အလိုက် လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ စက်၊ ယာဉ်ယန္တရားများစာရင်းနှင့် ရုံးသစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့ကို တင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးအရှေ့ မြို့ရှောင်လမ်း အရှည်(၆)မိုင် မြေသားတာပေါင်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကျောက်ခင်းလမ်းဆောင်ရွက်မည့် အခြေအနေကို မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်စည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်ကြရန်၊ ပါတီ၊ နိုင်ငံရေးကင်းရှင်းကြရန်နှင့် ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နေထိုင်ကြရန် မှာကြားသည်။
သတင်းစဉ်