နေပြည်တော်၊ မဒီဇင်ဘာ ၁၁

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးခရိုင်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် အင်ဂျင်နီယာချုပ်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ဒုတိယဝန်ကြီးက စည်းလုံးညီညွတ်စွာလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် နောက်ဆုံးသုံးလပတ် နီးကပ်လာပြီဖြစ်၍ လုပ်ငန်းများအမြန်ပြီးပြတ်ရန်နှင့် စာရင်း၊ ဇယားများ ရှင်းလင်းစွာ ဆောင်ရွက်ရန် မှာကြားသည်။

                    

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးလေဆိပ်အဝင်လမ်း ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းများနှင့်အညီ လက်ရာလက်သားကောင်းမွန်ရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးမှာကြားပြီး ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၇) မှ တာဝန်ယူ တည်ဆောက်မည့် ညောင်ဦးမြို့နယ် ဘက်စုံသုံး မြို့နယ်ခန်းမ အဆောက်အဦသစ် မြေနေရာသို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက ဗိသုကာပုံစံများ၊ လုပ်ငန်းစီမံချက်များ၊ မြေနေရာရရှိမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သဖြင့် ဗိသုကာဒီဇိုင်း၊ အမြင့်ကန့်သတ်ချက်များရှိ၍ သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်ရယူ၍ ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦအထူးအဖွဲ့ (၇) မှ ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက် လျက်ရှိသည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းဘုရားများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ဘုရားများ ပြင်ဆင်မွမ်းမံ ထိန်းသိမ်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြ၍ ဒုတိယဝန်ကြီးက ကမ္ဘာ့အမွေအနှစ်ရှေးဟောင်းဘုရားများဖြစ်၍ မူလလက်ရာမပျက် မွမ်းမံထိန်းသိမ်းရေး မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးလေဆိပ်မီးပွိုင့်မှ ပုဂံမြို့သစ်အဝင်လမ်း (လမ်းသစ်) Road Line ရေးဆွဲခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်