နေပြည်တော် မတ် ၂
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - မန္တလေးအမြန် လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ စီလမ်းဆုံ တိုးလ်ဂိတ်၊ တောင်ငူမီနီတိုးလ်ဂိတ်၊ အုတ်တွင်းမီနီတိုးလ်ဂိတ်၊ ၁၁၅ မိုင် (ဖြူး) တိုးလ်ဂိတ်၊ ဒရယ်မီးမီနီတိုးလ်ဂိတ်၊ ဘောနတ်ကြီး မီနီတိုးလ်ဂိတ်၊ အမှတ် (၃) တိုးလ်ဂိတ်တို့၏ လမ်းအသုံးပြုခ ကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တိုးလ်ဂိတ်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများ၊ ကွန်ပျူတာများ ချို့ယွင်းပျက်စီးမှုမရှိစေရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေး စီမံဆောင်ရွက်ရန်၊ တိုးလ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်၊ လမ်းအသုံးပြုခ ကောက်ခံရာတွင် CCTV၊ ကွန်ပျူတာစနစ်ဖြင့်သာ ဆောင်ရွက်ရန်၊ လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ လေလွင့်ပျောက်ဆုံးမှုမရှိစေရေး၊ တိုးလ်ဂိတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ရန်၊ ကောက်ခံရရှိမှုစာရင်းဇယားများ ရေးသွင်းရာတွင် ရုံးချုပ်မှ သတ်မှတ်ထားသည့် ပုံစံအတိုင်းရေးသွင်းရေး တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် တိုးလ်ဂိတ်အလိုက် တာဝန်ရှိသူများက ဒုတိယဝန်ကြီးအား တိုးလ်ဂိတ်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားရှိမှု၊ CCTV ကင်မရာ၊ ကွန်ပျူတာ စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေမှုနှင့် ကောက်ခံရရှိငွေများ စာရင်းရေးသွင်းထားရှိမှု အခြေအနေများကို စာရင်းဇယားများနှင့်တကွ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်