ဒုတိယဝန်ကြီး  ဦးဝင်းဖေ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) တိုးလ်ဂိတ်များနှင့် မိတ္ထီလာ - ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်း  တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

 

ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံသည့် တိုးလ်ဂိတ်များဖြစ်သော ပန်းတင်မီနီတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ သီးကုန်းမီနီတိုးလ်ဂိတ် နှင့် မိတ္ထီလာ-ကျောက်ပန်းတောင်း - ညောင်ဦးလမ်းပိုင်းပေါ်ရှိ မြတ်နိုးသူကုမ္ပဏီမှ ဆောင်ရွက်လျှက်ရှိသည့် မိတ္ထီလာ တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုးလ်ဂိတ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်၊ လမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့ (၉)  ရုံး အဆောက်အဦများကို ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာ - မလှိုင်လမ်းပေါ်ရှိ ထွန်းညိုလူကုမ္ပဏီ မှ BOT စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် မိတ္ထီလာတိုးလ်ဂိတ်၊ အသစ်တည်ဆောက်ပြီးစီးသည့် တံတား အမှတ်-၃/၈ ကံကောင်းချောင်းတံတားနှင့် ကံကောင်းမီနီတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် BOT စနစ်ဖြင့်ဆောင်ရွက်လျှက်ရှိသည့် မိတ္ထီလာ- ကျောက်ပန်းတောင်း လမ်းတစ်လျှောက်နှင့် မိုင်တိုင်အမှတ်-၂၆/၆ နှင့် ၂၆/၇ အကြား ကတ္တရာ      ရေပိတ်လွှာ လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် မြတ်နိုးသူကုမ္ပဏီမှ BOT စနစ်ဖြင့်ဆောင်ရွက် လျက်ရှိသည့် ကျောက်ပန်းတောင်းတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာ-ကျောက်ပန်း တောင်း-ညောင်ဦးလမ်းပိုင်းပေါ်ရှိ မိုင်တိုင်အမှတ်-၁၈/၀နှင့် ၂၅/၀ကြား လမ်းမျက်နှာပြင်ပေါက်နေမှု ပြင်ဆင်ရန်၊ ယာဉ်များချောမွေ့စွာ သွားလာနိုင်ရေး ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာနှင့် မိုင်တိုင် အမှတ်များပတ်လည် ချုံနွယ်များရှင်းလင်းရန်၊ BOT စာချုပ်ပါ အတိုင်းလမ်းများ အဆင့်မြှင့်တင်ရေးနှင့် တိုးလ်ဂိတ်များ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်၊ လမ်းဦးစီးဌာန အဆောက်အဦများနှင့် မြတ်နိုးသူကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ညောင်ဦးတိုးလ်ဂိတ်တို့ကို  ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်