နေပြည်‌တော်၊ ဇွန် ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်လမ်းပိုင်း) ပေါ်ရှိ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသည့် တိုးလ်ဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စီလမ်းဆုံတိုးလ်ဂိတ်၌ Computer စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေမှု၊ CCTV တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ရေ၊ မီးရရှိမှုနှင့် တိုးလ် ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခ ကောက်ခံရာတွင် ယာဉ်စာရင်း အရေအတွက်နှင့် ကောက်ခံရရှိငွေ မှန်ကန်စွာ စာရင်းရေးသွင်းရေး၊ တိုးလ်ဂိတ်များအားလုံး CCTV တပ်ဆင်ထားပြီး Computer စနစ်ဖြင့် ကောက်ခံစေရေး၊ ကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ တိုးလ်ဂိတ်ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကောက်ခံရရှိမှု စာရင်းဇယားများ ရေးသွင်းရာတွင် ရုံးချုပ်မှ သတ်မှတ်ထားသည့်ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) တလျှောက်ရှိ တိုးလ်ဂိတ်များဖြစ်ကြသည့် တောင်ငူ တိုးလ်ဂိတ်၊ ဖြူးတိုးလ်ဂိတ်၊ ဒရယ်မီးတိုးလ်ဂိတ်၊ ဘောနက်ကြီးတိုးလ်ဂိတ်၊ အမှတ်(၃) လမ်းဆုံ တိုးလ်ဂိတ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်