ရန်ကုန်၊ မတ် ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ရိုးမရိပ်သာအိမ်ရာအဆောက်အဦ (၃၅) လုံး ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အိမ်ရာဝင်းလုံခြုံရေး ဆောင်ရွက်ထားရန်၊ သတ်မှတ်ရက်အမီ ပြီးစီးစေရေး၊ နေထိုင်သူပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရန်နှင့် Cover Market အချိန်မီ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုကြောင်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်းရှိ အိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက အဆောက်အဦအား အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများကိုသာ အသုံးပြုရန်နှင့် လက်ရာလက်သားကောင်းမွန်စွာဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးကာနီးပြီဖြစ်၍ အိမ်ရာစီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် အင်တိုက် အားတိုက်ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာမှူးကြီးက အိမ်ရာစီမံကိန်း လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများ၊ မြေညီထပ်တွင် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အိမ်ခန်းနေရာချထားမှုများ၊ အိမ်ရာအတွင်း နေ့ကလေးထိန်း ကျောင်းနှင့် ဆေးခန်းတည်ဆောက်မည့် အစီအမံများကိုလည်းကောင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်မှ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက အိမ်ရာစီမံကိန်းဆိုင်ရာ အခြေအနေများကို ဖြည့်စွက်ဆွေးနွေး တင်ပြရာဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်