ရန်ကုန် ဇွန် ၃၀

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သင်တန်းတက်ရောက်သည့် ကော်မတီဝင်များအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိအမြင်များတိုးတက်လာပြီး လုပ်ငန်းခွင်အတွင်း ထိရောက်ကောင်းမွန်သည့် အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း၊ OSH ကော်မတီဝင်များမှတစ်ဆင့် လုပ်ငန်းခွင်ရှိ အလုပ်သမားများထံ အသိအမြင်များ ဖြန့်ဝေနိုင်ခြင်း၊ ဦးစီးဌာနဝန်ထမ်းများနှင့် OSH ကော်မတီဝင်များကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Mei Jie (Myanmar) Clothing & Accessories Co., Ltd. နှင့် Bofei Garment Co., Ltd. များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

 

ထို့နောက် စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့ဝင်များက လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမား ပူးပေါင်းဆောင်ရွက်မှု၊ လိုအပ်ပါက မြို့နယ်အလုပ်သမားရေးရာ တာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်မှုတို့ကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းပြီး ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်