ဒုတိယဝန်ကြီး ဦးဝင်းရှိန် လှိုင်သာယာစက်မှုဇုန် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

ရန်ကုန် မေ ၂၄

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့် အတူယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ စနစ်တကျ သင်ကြားပို့ချမှုကို အလေးထားမှတ်သားပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်ရေး၊ မိမိတို့ လူနေမှုဘဝမြင့်မားစေရေး စဉ်ဆက်မပြတ်လေ့လာ သင်ယူရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများနှင့် တာဝန်ခံကြီးကြပ်သူများကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေးခြင်း၊ One Stop Service ဖြင့် ရွေးချယ်ခန့်ထားပေးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပပေးခြင်း၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ လိုင်စင်ထုတ်ပေးခြင်း၊လုပ်သားများအတွက် အခကြေးငွေနှင့် အချိန်ပို အခကြေးငွေများ ခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခံစားစေခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘ စံ ’ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း၊ OSH ဆိုင်ရာ တာဝန်ခံခန့်အပ်ခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေးအတွက် တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ Tian Yu International Co., Ltd. ဖိနပ်စက်ရုံနှင့် ရွှေလင်ပန်း စက်မှုဇုန်ရှိ Jiangsu Soho (Myanmar) Industry Co., Ltd. အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်