ညောင်ဦး ဒီဇင်ဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ Royal Palace Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ လုပ်ငန်းရှင်များနှင့် NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ခံများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးဦးဝင်းရှိန်က မန္တလေးတိုင်းဒေသကြီးတွင် MSME လုပ်ငန်းများ အများအပြား ရှိကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေး နိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ၊ ဒေသခံများအနေဖြင့် ကျွမ်းကျင်မှုသင်တန်း များဖွင့်လှစ်ခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်လိုအပ် ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း၊ ပြည်ပခရီးသည်များ အများဆုံး လာရောက်သောနယ်မြေဖြစ်၍ ဟိုတယ်နှင့်ခရီးသွားလာမှုလုပ်ငန်းအဖြစ်ထွန်း ဆုံးဒေသဖြစ်ကြောင်း၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင်ပညာရှင်များလိုအပ်၍ လုပ်ငန်းရှင်များ အနေဖြင့် NSSA နှင့်ချိတ်ဆက်ပြီး ကျွမ်းကျင်လုပ်သားများ စစ်ဆေးအကဲ ဖြတ်နိုင်ရေး Assessment Center များ တည်ထောင်နိုင်ရေးနှင့် NSSA စစ်ဆေးအကဲဖြတ်ခြင်းများတွင် ဝင်ရောက်ဖြေဆိုနိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင် (၂၃) မျိုးအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန (၃၃) ခုကို တည်ထောင်၍ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဖြေဆိုသူ (၃,၆၇၈) ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အရည်အသွေးပြည့်မီသူ (၃,၅၁၂) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)