ရန်ကုန် အောက်တိုဘာ ၂၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ တိုင်းဒေသကြီး ဦးစီးမှူးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ Myanmar Worker Management Services Training Center နှင့် မင်္ဂလာဒုံမြို့နယ်ရှိ Moe Moe Family Services Vocational Training Center သို့ သွားရောက်၍ ဂဟေဆက်သင်တန်း၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာသင်တန်း၊ အခြေခံအထည်ချုပ်နှင့် အဆင့်မြင့်အထည်ချုပ် သင်တန်းများ ဖွင့်လှစ်ပို့ချမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက သင်တန်းကျောင်းများအနေဖြင့် အရည်အသွေး ပြည့်မီသည့် သင်ထောက်ကူပစ္စည်းများ အသုံးပြုရန်၊ သင်ရိုးညွှန်းတမ်းများကို ခေတ်ကာလနှင့်အညီ လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရေး စဉ်ဆက်မပြတ် စိစစ်သုံးသပ်ဆောင်ရွက်ရန်လိုကြောင်း၊ စာတွေ့/လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည်အသွေး ပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချမှသာ သင်တန်းဆင်းများအနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ချိန်တွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့် အမျိုးသားအဆင့် အသိအမှတ်ပြုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး NSSA အသိအမှတ်ပြု သင်တန်းကျောင်းဖွင့်လှစ်၍ ဌာနနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊NSSA မှ အလုပ်အကိုင် (၃၉)မျိုးအတွက် ကျွမ်းကျင် လုပ်သား (၂၄,၀၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီး နှစ်အလိုက် အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သားများကို စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်အတိုင်း ဆက်လက်မွေးထုတ်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
Myanmar Worker Management Services Training Center တွင် အခြေခံအထည်ချုပ်၊ ဂဟေဆက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ သင်တန်းများကို သင်တန်း (၁) ကြိမ်လျှင် သင်တန်းသား (၂၀) ဖြင့် ၂၁ ရက်ကြာ ပို့ချပေးလျက်ရှိရာ ထပ်မံ၍ သင်တန်းသား ၂၀၀ ခန့် မွေးထုတ်ပေးရန်ရှိပြီး Moe Moe Family Services Vocational Training Center တွင် အခြေခံအထည်ချုပ်နှင့် အဆင့်မြင့်အထည်ချုပ်များကို သင်ကြားပေးလျက်ရှိ၍ သင်တန်း (၁) ကြိမ် လျှင် သင်တန်းသား (၂၅) ဦးဖြင့် သင်တန်းကာလ (၁) လခွဲပို့ချကာ ထပ်မံ၍ သင်တန်းသား (၃၀၀) ခန့် မွေးထုတ်ပေးရန်ရှိကြောင်း သိရသည်။
(သတင်းစဉ်)