ရန်ကုန် ဇွန် ၁၄

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ရေးရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာ စက်မှုဇုန် ကနောင်ခန်းမ၌ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည်။

 

ဆွေးနွေးပွဲသို့ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများနှင့် တာဝန်ခံကြီးကြပ်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး၊ တည်ဆဲ အလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် အလုပ်သမားရေးရာ တိုင်းဒေသကြီးတာဝန်ခံအရာရှိများက အလုပ်သမားရေးရာ ဥပဒေများ နှင့်စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များနှင့် အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်  ရွှေပြည်သာမြို့နယ်ရှိ Jia Shihao Myanmar Co., Ltd အထည်ချုပ်စက်ရုံနှင့် Jia Shihao Knitted Co., Ltd အထည်ချုပ်စက်ရုံများ၌ အလုပ်သမားများ အေးချမ်းပျော်ရွှင်စွာ လုပ်ကိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)နှင့် အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကောလ ဟာလသတင်းများကို နားမယောင်ရန်နှင့် လုပ်သားများအနေဖြင့် အလုပ် အကိုင်တည်မြဲရေးအတွက် မိမိအလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကို သစ္စာရှိရန်နှင့် စိတ်ကောင်းထားပြီး စည်းလုံး ညီညွတ်စွာဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရှိ သုခစုစံသင်တန်းကျောင်းသို့ သွားရောက် စစ်ဆေးရာ သင်တန်းတာဝန်ခံက သင်တန်းကျောင်းတွင် သင်တန်းများ ဖွင့်လှစ်ပို့ချမှု၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သားများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဈေးကွက်လိုအပ်ချက်နှင့်အညီ သင်ကြားပေးနိုင်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)