ရန်ကုန် စက်တင်ဘာ ၁
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၅)ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု ထက်ဦးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ထက်ဦးသင်တန်းကျောင်းများအနေဖြင့် အရည် အသွေးပြည့်မီသည့် သင်ထောက်ကူပစ္စည်းများအသုံးပြုရန်၊ လုပ်သားဈေးကွက် လိုအပ် ချက်နှင့် ကိုက်ညီမှုရှိသည့် သင်ရိုးညွှန်းတမ်းများကို စာတွေ့/လက်တွေ့ ကျွမ်းကျင်ပိုင်နိုင် ပြီး အရည်အသွေးပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချခြင်းဖြင့် သင်တန်းဆင်း များ လုပ်ငန်းခွင်သို့ ဝင်ရောက်ချိန်တွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထက်ဦးသင်တန်းကျောင်းမှ အမျိုးသားအဆင့် အသိအမှတ်ပြုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး NSSA အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် ဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ NSSA အသိအမှတ်ပြု သုခစုစံသင်တန်းကျောင်း Assessment Center သို့ ရောက်ရှိပြီး ဂဟေဆက်လုပ်သားကျွမ်းကျင်မှု အဆင့်(၁) အလုပ်အကိုင်အတွက် ဖြေဆိုသူ(၁၅)ဦးကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာတွင် ပစ္စည်း ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး Familiarization ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ သင်တန်းတာဝန်ခံများကို ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း သည် ကာယကံရှင်အတွက်သာမက လုပ်ငန်းရှင်နှင့် နိုင်ငံတော်အတွက်ပါ များစွာအကျိုး သက်ရောက်မှုရှိကြောင်း၊ စစ်ဆေးအကဲဖြတ်သူများ အနေဖြင့်လည်း စစ်ဆေးရေးမှူး ကောင်းများ ဖြစ်လာစေရန် Assessor တစ်ဦး၏ တာဝန်ဝတ္တရားများ လိုက်နာရမည့် ကျင့်ဝတ်များ၊ စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ လိုက်နာဆောင်ရွက်ရမည့် အချက် များကို အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၃၁) မျိုး အတွက် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာန ၁၉၉ ခုကို တည်ထောင်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ကျွမ်းကျင် လုပ်သား ၁၈၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)