နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့ နံနက်ပိုင်းတွင် ဆရာအတတ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်နှင့်အတူ တောင်ငူပညာရေးဒီဂရီကောလိပ် သို့ရောက်ပြီး ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ မိမိတို့ပညာဆည်းပူးခွင့်ရချိန်တွင် သက်ဆိုင်ရာဘာသာရပ်ကို အမှန်တကယ် တတ်မြောက်အောင် သင်ယူလေ့လာရန် မှာကြားသည်။
ထို့နောက် စာကြည့်တိုက်၊ စာသင်ခန်းမျာ သန့်ရှင်းသာယာမှုကိုလှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူတက္ကသိုလ်သို့ရောက်ရှိပြီး ပင်မဆောင်ခန်းမတွင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ တက္ကသိုလ်စာမေးပွဲ မတိုင်မီ သင်ရိုးကုန်အောင်သင်ရန်၊ အမှန်တကယ် တတ်မြောက်အောင်သင်ရန်၊ စဉ်းစားတွေးခေါ်မှု၊ ဝေဖန်ပိုင်းခြားမှု၊ ပြဿနာကို ဖြေရှင်းတတ်မှုအရည်အသွေးများကို အားပေးသော သင်ကြားနည်း စနစ်များကို ဘာသာရပ် သင်ကြားရေးအဖွဲ့များက သတ်မှတ်ချက်နှင့်အညီသင်ကြားရန်မှာကြားကာ တက်ရောက် လာကြသူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် စပ်လျဉ်း၍ မှာကြားပြီး တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)