နေပြည်တော် ဇွန် ၁၀

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ မူတာ့ဇ် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာ ဟင်းမ်အား ယနေ့နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်  ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် မစ္စစ်  ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအား နံနက်  ၁၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးသည် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး)  သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်  သံအမတ်ကြီးအား  ပထမဦးဆုံး ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ယူအေအီးနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး မြန်မာ-ယူအေအီး နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

mdn

 

အလားတူ သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ မြန်မာ နိုင်ငံရောက် သီရိလင်္ကာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

သတင်းစဉ်