ရန်ကုန်၊ စက်တင်ဘာ ၂၅
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန ဇေယျာသီဟအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့် (Logistics Surveillance System - E-Lock) စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး ကိစ္စရပ်များ၊ သွင်းကုန်တန်ဖိုး စိစစ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အကောက်ခွန် ဦးစီးဌာနသည် နိုင်ငံတော်၏ အခွန်ဘဏ္ဍာများကို အဓိက ရှာဖွေပေးရသည့် ဌာနတစ်ခုဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုတို က်ဖျက်ရေးလုပ်ငန်းတွင်လည်း အဓိကတာဝန်ယူ ဆောင်ရွက်ရသည့်ဌာန ဖြစ်သည့်အတွက် တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအထိ စစ်ဆေးကြပ်မတ်ရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်ကြရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရန်လိုကြောင်း၊ ယခု E-Lock နှင့် National Single Window စနစ်တို့မှာ အရေးကြီးသည့် လုပ်ငန်းများဖြစ်သည့်အတွက် အောင်မြင်အောင် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်း စစ်ဆေးသည့်အခါ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် သေချာစစ်ဆေးရန်လိုအပ်ကြောင်း၊ စတင်စစ်ဆေးသည့်နေရာနှင့် လမ်းခရီးအဆုံးတို့တွင် ကုန်ပစ္စည်းစစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းကို CCTV Camera များဖြင့် E-Lock Control Room မှ တိုက်ရိုက်ကြည့်ရှုနိုင်အောင် စီစဉ်ထားရန်လိုကြောင်း၊ National Single Window ကိုလည်း မဖြစ်မနေအကောင် အထည်ဖော်ရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အောက်ခြေကို စနစ်တကျကြပ်မတ်ရန်လိုကြောင်း၊ ဝန်ထမ်းငယ်များ၏ အခက်အခဲများကို ဖြေရှင်းပေးရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဂတိတရား ကင်းရှင်းစွာဖြင့် ထမ်းဆောင်ရန်လိုကြောင်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာန ရှိ E-Lock Control Room မှတစ်ဆင့် လုပ်ငန်းဆောင်ရွက်နေမှု၊ ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးဌာနခွဲရှိ Monitoring Room မှတစ်ဆင့် MACCS စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အာမခံလုပ်ငန်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအနေနှင့် အရေးကြီးသော နိုင်ငံတော်၏ ဘဏ္ဍာငွေများ ရှာဖွေစုဆောင်းရန် အဓိကတာဝန်ရှိပါကြောင်း၊ သို့ဖြစ်ရာ မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပြည်သူများ အားထားရသည့် အာမခံအကာအကွယ်များကို ပြည့်ပြည့်ဝဝပေးနိုင်အောင် အရာထမ်း/အမှုထမ်း အားလုံးက ယခုထက်ပိုမိုကြိုးစားပြီး ဝင်ငွေများကိုလည်းလျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ လုပ်ငန်းတာဝန်များ ကြိုးပမ်းထမ်းဆောင်ကြရာတွင် အရာထမ်း/အမှုထမ်းများအနေဖြင့် သတ်မှတ်ထားသော ဌာနစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစောင့်ထိန်းကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားအတွက် အားကိုးရသော၊ စွမ်းရည်ပြည့်ဝသည့် တာဝန်ကျေပွန်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်