နေပြည်တော်၊ ဇန်နဝါရီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ အထောက်အကူပြု ဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းခွဲတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ (သပြေကုန်း) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းမိသားစုများ၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းခွဲ (သပြေကုန်း) မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် အားပေးကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနများမှ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပြိုင်ပွဲ ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ၊ လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် ဝန်ထမ်းမိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အားကစားနည်း မျိုးစုံအလိုက် ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များက ပြိုင်ပွဲတွင် အားကစားနည်းအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုရရှိသည့် အသင်းများနှင့် တစ်ဦးချင်း ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် အားကစားသမားများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထမ်းအမှတ် အားကစားပြိုင်ပွဲများကို နိုင်ငံ့ဝန်ထမ်းများ၊  ဝန်ထမ်းမိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး  ထုပ်ဆီးတိုး၊  စားပွဲတင်တင်းနစ်၊   ပိုက်ကျော်ခြင်း၊   ဘော်လီဘော၊   ဂုန်နီအိတ်စွပ်၊ လွန်ဆွဲ၊ ခြေပူးပြေး၊ အပ်နဖားထိုး၊ ဆန်ကောရွက်၊ မုန့်စား၊ ကြယ်သီးတပ်၊ အာလူးကောက်၊ ပူဖောင်းဖောက်၊ မီတာ (၅၀/၇၅/၁၀၀) အပြေးပြိုင်ပွဲများ စသည်ဖြင့် ပြိုင်ပွဲအမျိုးအစား (၁၇) မျိုးကျင်းပ၍ တက်ရောက်လာသူများနှင့် ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများကို စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်