နေပြည်တော်၊ ဩဂုတ် ၁၅

 

ဝန်ထမ်းများတစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် "အခြေခံအင်္ဂလိပ်စကားပြော သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား" ကို ယနေ့ နံနက်၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ Multi-purpose Hall ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဘာသာစကား အခက်အခဲမရှိစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသည့် အသိပညာ၊ အတတ်ပညာများသာမက နိုင်ငံတကာမှ ပညာရပ်များကိုလည်း အမြဲလေ့လာ၍ တွေးတောကြံဆ နေရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် အရည်အချင်း ပြည့်မှီနေအောင် အမြဲကြိုးစားနေရမည်ဖြစ်ကြောင်း၊ သင်တန်းကာလတွင် အချင်းချင်း အပြန်အလှန်သင်ယူ ပူးပေါင်းဆောင်ရွက်ပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာန တိုးတက်ရေးမှသည် မိမိနိုင်ငံတိုးတက်ရေးအထိ သယ်ပိုးဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

 

mdn

 

အဆိုပါ သင်တန်းကို ဩဂုတ် (၁၅) ရက်မှ အောက်တိုဘာ (၇) ရက်အထိ လူငယ်ရေးရာ ဦးစီးဌာန၊ သင်တန်းခန်းမ၌ တနင်္လာနေ့မှ သောကြာနေ့များတွင် နေ့စဉ် မွန်းလွဲ (၂) နာရီ မှ (၄) နာရီအထိ သင်တန်းကာလ (၂) လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း နည်းပြဆရာမ (၂) ဦးက သင်တန်းသား/ သင်တန်းသူ (၃၀) ကို သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn