နေပြည်တော် မတ် ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် (၃) ရက် နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၃၈/၀ – ၁၃၉ / ၄) အတွင်း (၁) မိုင် (၄) ဖာလုံ AC လမ်းဟောင်းကို Milling Machine ဖြင့်ခြစ်ထုတ်ပြီး (၂၅) ပေအကျယ် AC လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၂၀/၄ -၂၀/၅) အတွင်း AC လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ၎င်းနောက် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်အား ကြည့်ရှု စစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် (၄) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး အကြီးစား ပြင်ဆင်ခြင်းနှင့် သာသနိက အဆောက်အဦများ အကြီးစားအဆင့်မြှင့်တင်မွမ်းမံခြင်း လုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်တွင် ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးတွင် တိုးချဲ့ (၄) ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ဆေးရုံတည်ဆောက်နေမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ်(၆) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်း ဆောင်တွင် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်း အခက်အခဲများ ဖြေရှင်းညှိနှိုင်းဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများ၏ တင်ပြချက်များကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရာတည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


