နေပြည်တော် ၁၁ ဇူလိုင်
အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ပါ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမှ အခြားအာဆီယံနိုင်ငံများနှင့် လိုက်ပါ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုပေးနိုင်ရန်အတွက် e-Commerce for Trade Negotiators အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ယနေ့ဆွေးနွေးပွဲသည် အာဆီယံဒေသတွင်းနှင့် မြန်မာနိုင်ငံတို့တွင် Digital နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍကို မြှင့်တင်သွားနိုင်ရေး၊ Cross Border e-Commerce လုပ်ငန်းစဉ်များနှင့် အာဆီယံ ဒေသတွင်း ပေါင်းစည်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်ရေးတို့ကို အထောက်အကူပြုနိုင်မည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သော ဆွေးနွေးပွဲတစ်ခုဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ Digital Economy ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး အာဆီယံဒေသတွင်း လုပ်ငန်းစဉ်များဖြစ်သည့် The Regional Comprehensive Economic Parthnership (RCEP) နှင့် ASEAN Coordinating Committee on E-Commerce (ACCEC) အစီအစဉ်များတွင် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်း၌လည်း Digital Economy Development Committee (DEDC) တွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။
အာဆီယံစီးပွားရေးအသိုက်အဝန်း (ACE) 2025 အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် the ICT and e-Commerce Working Committee ကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် United Nations Conference on Trade and Development (UNCTAD) နှင့် အာဆီယံနှင့် အရှေ့စီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia - ERIA) တို့ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ UNCTA ၊ ERIA နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကမ္ဘာလုံးဆိုင်ရာ၊ အာဆီယံဒေသတွင်းဆိုင်ရာနှင့် မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်နည်းပညာနှင့် e-Commerce ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် e-Commerce ၏ အခန်းကဏ္ဍ၊ Cross Border e-Commerce နှင့် ဒေသတွင်းပေါင်းစည်းမှုတို့ကို မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
သတင်းစဉ်


