မုံရွာ ၂၂ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် MCPA တို့ ပူးပေါင်းကျင်းပသော E-Government အထောက်အကူပြု နည်းပညာဟောပြောပွဲကို မြို့တော်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
“E- Government ကို အသုံးပြုမယ်ဆိုရင် အစိုးရအနေနဲ့ ကုန်ကျစရိတ်ကို လျော့ချနိုင်မယ်၊ အခွန်ဝင်ငွေတိုးမယ်၊ စီမံခန့်ခွဲမှု ပိုပြီးကောင်းလာမယ်၊ ထိရောက်မှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ တိုးတက်လာပြီး တာဝန်ခံမှုတွေ မြင့်မားလာမယ်၊ ပြည်သူတွေဘက်ကို ကြည့်မယ်ဆိုရင်လည်း သတင်းအချက်အလက်တွေ ယခင်ထက် ပိုတိုးပြီး သိလာမယ်၊ အများပြည်သူတွေ ပူးပေါင်းပါဝင်မှု တိုးတက်လာမယ်၊ ဝန်ဆောင်မှုတွေ တိုးတက်လာသလို အဆင်ပြေမှုတွေလည်း တိုးတက်ကောင်းမွန်လာမယ်၊ စီးပွားရေးဘက်က ကြည့်မယ်ဆိုရင်လည်း ကူးသန်းရောင်းဝယ်မှုတွေ လွယ်ကူချောမွေ့လာမယ်၊ ဆန်းသစ်တီထွင်မှု၊ ကုန်ထုတ်စွမ်းအားတွေ တိုးတက်ကောင်းမွန်လာမယ်၊ ကုန်ကျစရိတ်တွေလည်း လျော့ကျလာပြီး အဆင်ပြေလာမယ်၊ အဲဒီလို အချက်တွေက အစိုးရ၊ ပြည်သူနဲ့ စီးပွားရေးကဏ္ဍတွေကို အထောက်အကူ ဖြစ်စေမှာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။
E- Government အထောက်အကူပြု နည်းပညာဟောပြောပွဲတွင် “Cyber Security ”ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (MCPA) အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက လည်းကောင်း၊ “Building Capacity and Readiness for e-Government Transformation” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) မှ အလုပ်အမှုဆောင် ဦးအောင်အောင်က လည်းကောင်း၊ “Current Trends in Digital Economy” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) မှ အလုပ်အမှုဆောင် ဦးဝင်းထွန်းက လည်းကောင်း အသီးသီး ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)