နေပြည်တော် ၈ မေ
e-Parliament စနစ်Hluttaw Intranet (SharePoint) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ e-Government ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရုံး စီမံကိန်းဒါရိုက်တာ၊ UNDP Programme Advisor, Chief Of Unit, MrJoerg Stahlhut၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ CIOs၊ ACIOs၊ Implementation Agency ရုံးများမှ တာဝန်ခံများနှင့် လွှတ်တော်ဝန်ထမ်းများ၊ လွှတ်တော် အကူအညီပေးရေးအဖွဲ့အစည်းများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က “လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်များ၏ လုပ်ငန်းတာဝန်များအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်သည့် e-Parliament စနစ်တစ်ခုဖြစ်သော လွှတ်တော် Intranet (SharePoint) အားစတင်အသုံးပြုနိုင်ရန် မိတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်များ၏ လုပ်ငန်းတာဝန်များ (Duty and Functions)ကို ပိုမိုအားကောင်းလာစေရန် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီမြှင့်တင်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လွန်စွာအရေးကြီးလှပါကြောင်း၊ လွှတ်တော်၏ အဓိကအောင်မြင်မှုတစ်ခုဖြစ်သည့် စာရွက်စာတမ်းများ စီမံခန့်ခွဲနိုင်သည့် စနစ်လွှတ်တော် Intranet (SharePoint) သည် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်များ၊ အစည်းအဝေးမှတ်တမ်းများ၊ ဆုံးဖြတ်ချက်များ၊ အစီရင်ခံစာများအပြင် အရေးကြီးသည့် စာရွက်စာတမ်းများကိုပါ စီမံခန့်ခွဲနိုင်သည့် စနစ်တစ်ခုဖြစ်ပြီး လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများကို အထောက်အပံ့ပေးသွားမည့် အကျိုးကျေးဇူးများစွာ ရရှိသည့်စနစ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များ အနေဖြင့် ကိုယ်တိုင်ကိုယ်ကျအသုံးပြု၍ လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နောင်တွင်လည်း ထိုကဲ့သို့အသုံးဝင် ကောင်းမွန်သည့်စနစ်များစွာကို တည်ဆောက်ပြီး မိမိတို့လွှတ်တော်အား e-Parliament အဆင့်သို့ ရောက်ရှိသည်အထိ ဝိုင်းဝန်းဆောင်ရွက်သွားကြရေးအတွက် ရည်မျှော်ကြိုးစားကြစေလိုကြောင်း” ပြောကြားသည်။
ယင်းနောက် UNDP Programme Advisor, Chief Of Unit, Mr. Joerg Stahlhut က ဂုဏ်ပြုအမှာစကားပြောကြားပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU), IPU Presidentand Secretary General၏ ဂုဏ်ပြုနှုတ်ခွန်းဆက်စကားကို ဖတ်ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူမင်း(CIO) က Hluttaw Intranet စနစ်အကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးသာဦးနှင့် UNDP Programme Advisor, Chief Of Unit, Mr. Joerg Stahlhut တို့က e-Parliament စနစ် Hluttaw Intranet (SharePoint)အား စတင်ဖွင့်လှစ်ပေးသည်။
ယင်းနောက် အဖွဲ့လိုက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး Hluttaw Intranet စနစ် လက်တွေ့ပြသခြင်း၊ User Support အစီအစဉ်အား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများက သိရှိလိုသော မေးခွန်းများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
Hluttaw Intranet (SharePoint) System သည် Microsoft SharePoint Platform ကို အသုံးပြုထားပြီး စာရွက်စာတမ်းများအား စီမံခန့်ခွဲနိုင်သည့် Document Management System တစ်ခုဖြစ်ပါသည်။ ဤစနစ်တွင် စာရွက်စာတမ်းများအား တင်သွင်းခြင်း၊ အတည်ပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် Share ပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ လွှတ်တော်လုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်သော စနစ်တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)