ရန်ကုန် ၁၀ ဇူလိုင်
နိုင်ငံတကာ ခရီးသွားများအနေဖြင့် ပြည်တွင်းခရီးသွားလာရာတွင် ဧည့်လမ်းညွှန်များကို အသုံးမပြုဘဲ စကားပြန်များကိုသာ အသုံးပြုသွားလာနေသည့်အတွက် လေ့လာစိစစ်မှုများပြုလုပ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းမြတ်က ပြောကြားသည်။
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ၏ တရုတ်ဘာသာစကား ဧည့်လမ်းညွှန်များ တွေ့ဆုံပွဲနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
စကားပြန်သုံးတဲ့အပေါ်မှာ စိစစ်နေ
“ဧည့်လမ်းညွှန်တွေကို မသုံးဘဲနဲ့ စကားပြန်တွေပဲ ခေါ်သုံးနေတာတွေ့ရတော့ ဒါက တရားမဝင်ပါဘူး။ ခရီးသွားလုပ်ငန်းကို ရှင်းပြတယ်ဆိုကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ရှင်းပြရမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လေ့ကျင့်ထားတဲ့ ဧည့်လမ်းညွှန်တွေကသာ လုပ်နိုင်မှာ။ စကားပြန်ဆိုတာက သူတွေ့တဲ့ဟာတွေကို ပြန်သွားမယ်။ နိုင်ငံခြားသား အဖွဲ့ခေါင်းဆောင်ကလည်း သူသိသလိုပဲ ပြောသွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံပုံရိပ်၊ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ သမိုင်းပုံရိပ်တွေကို ထိခိုက်နိုင်စရာ အကြောင်းရှိတယ်။ ဒါကြောင့် စကားပြန်သုံးတဲ့အပေါ်မှာ စိစစ်နေတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း ဗဟိုအလုပ်အမှုဆောင်က ပြောသည်။
စကားပြန်ဖြင့်သာ အများဆုံးသွားလာနေ
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အနောက်ဥရောပခရီးသွားများ နည်းပါးသွားချိန်တွင် အရှေ့တိုင်းမှ တရုတ်ခရီးသွားများ မြန်မာနိုင်ငံတွင်း ဝင်ရောက်မှု များပြားလာခဲ့သည်။ ထိုသို့ဝင်ရောက်လာသော တရုတ်ခရီးသွားများက ဧည့်လမ်းညွှန်များကို အသုံးပြုခြင်းမရှိဘဲ စကားပြန်ဖြင့်သာ အများဆုံးသွားလာနေသည့်အတွက် မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကား ဧည့်လမ်းညွှန်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။ နိုင်ငံတကာတွင် ဧည့်လမ်းညွှန်မှအပ စကားပြန်အနေဖြင့် နိုင်ငံခြားသားဧည့်သည်ကို ရှင်းပြခွင့် တားမြစ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း ခရီးသွားလာရာတွင် လိုင်စင်မဲ့ ဧည့်လမ်းညွှန်များ အသုံးပြုနေမှုနှင့် ပတ်သက်၍ တရုတ်ဘာသာစကား ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဒေါ်ဝင်းပပက “တရုတ်နိုင်ငံမှာ UFL နဲ့ Burmese ဆိုပြီး သင်ထားတာတွေရှိတယ်။ သူတို့က အကြမ်းဖျင်း ပြောမယ်ဆိုရင် မြန်မာစာတတ်တယ်။ သူတို့က UFL ယူတားတာဆိုတော့ နိုင်ငံခြားဘာသာကို မြန်မာလိုယူထားတဲ့ အခါကျတော့ သူတို့ဒီကိုလာတဲ့အခါမှာ အကြမ်းဖျင်းပြောတတ်တယ်။ သွားလို့ရတယ်ဆိုတာ ဖြစ်သွားတယ်။ တကယ်တမ်းကျတော့ လိုင်စင်မဲ့တွေကို ထပ်ပြီး မထိန်းချုပ်ဘူးဆိုရင် တရုတ်လူမျိုးတွေကပဲ မြန်မာပြည်လာတဲ့အခါ သူတို့ တရုတ်အုပ်စုကို ဦးဆောင်မှာဖြစ်ပြီး ပြည်တွင်းဧည့်လမ်းညွှန်တွေကို မခေါ်တော့ဘူးပေါ့။ နောက်ဆုံးကားဆရာ တောင်တရုတ်စကားပြောတတ်တဲ့ ကားဆရာကိုပဲ သုံးမယ်ဆိုတာတောင် ဖြစ်သွားနိုင်တယ်။ ဒါတွေကို ထိန်းစေချင်တယ်။ ချက်ချင်းအရေးယူလို့ရရင်တော့ ပိုပြီးအဆင်ပြေပါတယ်” ဟု ပြောသည်။ ထို့အပြင် စစ်ဆေးရေးဂိတ်များ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဧည့်လမ်းညွှန်လိုင်စင် စစ်ဆေးခြင်းများကို ပြုလုပ်သင့်ကြောင်း ဧည့်လမ်းညွှန်များက ပြောသည်။
အရည်အသွေးပြည့်ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနေ
မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အရည်အသွေး ပြည့်စုံသော ဧည့်လမ်းညွှန်များကို ပုံမှန်မွေးထုတ်ပေးလျက်ရှိပြီး လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း တစ်သောင်းကျော်ရှိကာ ၎င်းတို့အထဲတွင် တရုတ်ဘာသာစကားဧည့်လမ်းညွှန် ၃၀ဝ ကျော်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံမှ လာရောက်သော ခရီးသွားများအနေဖြင့် မန္တလေး-ပုဂံ-မန္တလေး ခရီးစဉ်၊ မန္တလေး-မုံရွာ-ပုဂံ-မန္တလေး ၊ အင်းဝ-မန္တလေး-ပုဂံ၊ ပုဂံ-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-သန်လျင်- ပဲခူး-ငွေဆောင်-ရန်ကုန် ခရီးစဉ်များ အများဆုံး သွားရောက်ကြသကဲ့သို့ မန္တလေးမှ ဝင်ရောက်၍ မန္တလေးမှ ပြန်လည်ထွက်ခွာခြင်းမျိုး ရှိသလို ရန်ကုန်ဝင်-ရန်ကုန်ထွက် ခရီးစဉ်များကိုလည်း အများဆုံး ရွေးချယ်သွား ရောက်ကြလေ့ရှိကြောင်း သိရသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စာရင်းများအရ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့သော တရုတ်ခရီးသွားဦးရေမှာ ၂၀၁၈ ခုနှစ် မေလအထိ ၁၁၂၁၅၈ ဦးရှိခဲ့ရာမှ ယခု ၂၀၁၉ ခုနှစ် မေလတွင် ၂၆၆၃၀၁ ဦးအထိ ဝင်ရောက်လာခဲ့ရာ ၁၃၇ ရာခိုင်နှုန်း ဝင်ရောက်လာ ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


