မန္တလေး  ၁၃  သြဂုတ်

စစ်ကိုင်းမြို့၊ ဧရာ၀တီတံတား(ရတနာပုံ)မှ ဩဂုတ် ၁၁ ရက်က ခုန်ချသူအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ ဧမြ၀တီရေဆိပ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)ထံမှ သိရသည်။

 

ခုန်ချသွားသူမှာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်မှ အသက် (၃၉ နှစ်)အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ အရက်အလွန်အကျွံသောက်ကာ အရက်ကြောင်နေသူတစ်ဦးဟု သိရကြောင်း  ဒုရဲအုပ် ချမ်းသာက ပြောသည်။

 

“တံတားနှစ်စင်းလုံးကို လုံခြုံရေး လှည့်ကင်း ပတ်ကင်းတွေနဲ့ ဆောင်ရွက်နေပါတယ်” ဟု ဒုရဲအုပ် ချမ်းသာက ပြောသည်။

 

အင်း၀တံတားနှင့် ရတနာပုံတံတားပေါ်မှ ခုန်ချသက်သေမှုများရှိလာသောကြောင့် စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ အဆိုပါ တံတားနှစ်စင်းတွင် လှည့်ကင်း၊ ပတ်ကင်းများချ၍ စောင့်ကြည့်နေရကြောင်း သိရသည်။ 

 

ပြီးခဲ့သည့်  ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်းဝတံတား (စစ်ကိုင်း)ပေါ်မှ  ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ  ခုန်ချသေဆုံးမှု နှစ်ကြိမ်၊ အင်း၀တံတားပေါ်မှ အမြွှာ ညီအမနှစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ သိရသည်။

ဖြိုးအိ