ရန်ကုန် ၄  နိုဝင်ဘာ

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ၁ နှစ်စီမံချက်၏ ဒုတိယလအထိ ၂ လတာကာလအတွင်း ဘက်ထရီရှော့တိုက် ငါးဖမ်းလှေ ၁၁ စီးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ ( WCS ) ထံမှ သိရသည်။

 

ဧရာဝတီမြစ်ကြောင်းအတွင်း ကျင်လည်ကျက်စားနေသည့် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မူ မရှိစေရေးနှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှစတင်ပြီး မန္တလေးမှ ကျောက်မြောင်းကြား လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း တရားမဝင် ငါးဖမ်းဆီးခြင်းနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းမှုများ ပပျောက်စေရန် ၁ နှစ်စီမံချက် ချမှတ်၍ နေ့စဉ် ကင်းလှည့်ခြင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ အမှတ် ၁ ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမန္တလေး၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဒေသခံရေလုပ်သား အစုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်း၏ ပြောကြားချက်အရ သိရသည်။

 

နေ့စဉ် ကင်းလှည့်လုပ်ငန်းဆောင်ရွက်ရာ စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ရှော့တိုက်ငါးဖမ်းဆီးစက်နှင့် ရှပ်တန်းပါလှေ ၁၁ စီး၊ ငါးဖမ်းဆီးရာတွင် အသုံးပြုသည့် ဘက်ထရီအိုးရှော့ပုံး ရှော့ဂေါ်တံစသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ လူ ၄ ဦးကို ဖမ်းဆီးရခဲ့သည်။ ဖမ်းဆီးရမိသည့် ပစ္စည်းများကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့ ပေးပို့အပ်နှံခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေဖြင့် အရေးယူထားသည်။

 

အောက်တိုဘာ ၂၉ ရက်နေ့က ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း အလျား ၄ ပေ ၅ လက်မ၊ ခန္ဓာကိုယ်လုံးပတ် ၂ ပေ ၁၀ လက်မ အသက် ၁ နှစ်ခွဲကျော်ခန့်ရှိ လင်းပိုင်အမတစ်ကောင် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရသည်။

 

ဧရာဝတီလင်းပိုင်များသည် ဧရာဝတီမြစ်အတွင်း ငါးများရှိရာ ချောင်းရိုးတွင် လိုက်လံအစာရှာဖွေ စားသောက်သည့် အလေ့အထရှိခြင်းကြောင့် တရားမဝင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုနှင့် ရင်ဆိုင်တွေ့၍ ဧရာဝတီလင်းပိုင်ငယ် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး၊ ငါးသယံဇာတထိန်းသိမ်းရေး၊ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှု ပပျောက်ရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ သိရသည်။

အောင်သူရ

သတင်းဓာတ်ပုံ - WCS Myanmar