ရွှေဘို၊ ၂ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာရှိ ဒေသခံရေလုပ်သားများ ဧရာဝတီလင်းပိုင်များကြောင့် မိသားစုဝင်ငွေများရရှိကာ စာဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျေးရွာပတ်ဝန်းကျင်ဟာ ဧရာဝတီလင်းပိုင် နေထိုင်ကျက်စားရာဒေသဖြစ်ပြီး ဧရာဝတီလင်းပိုင် အကောင်ရေ(၂၀)ခန့်ရှိပါတယ်။ ဧရာဝတီလင်းပိုင်များနှင့် ကျွန်တော်တို့ အကျိုးတူ ငါးဖမ်းလုပ်ကိုင်ခြင်းများဖြစ်တဲ့ လှေပေါ်ကနေ ခေါက်တံဖြင့်ရိုက်၍ ဧရာဝတီလင်းပိုင်များကို ခေါ်တဲ့အခါမှာ လှေအနီးရောက်လာပြီး ကျန်တဲ့ဧရာဝတီလင်းပိုင်က ရေလယ်ကနေ ငါးများကို ကမ်းခြေကို တိုက်ပို့လိုက်ပြီး လှေနားမှာရှိတဲ့ ဧရာဝတီလင်းပိုင်းက အမြီးဖြင့်ရိုက်၍ ကွန်ပစ်ဖို့ အချက်ပြဆောင်ရွက်ပေးပါတယ်။ အဲဒီလို အချက်ပြတဲ့နေရာကို ကွန်ပစ်တဲ့အခါမှာ မိမိဘာသာ ကွန်ပစ်ဖမ်းတာထက် ငါးများစွာရရှိကြောင်းနှင့် ဧရာဝတီလင်းပိုင်များ အနေဖြင့် ပိုက်ကွန်မှာ လွတ်ထွက် လာသော ငါးများကိုသာ သူတို့မိသားစုအတွက် စားသုံးကြပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ကို မိတ်ဆွေကောင်း တစ်ယောက်အနေဖြင့် မိသားစုစားဝတ်နေရေးကို ပံ့ပိုးကူညီပေးနေသော ဧရာဝတီလင်းပိုင်များဖြစ်ကြောင်းနှင့် ကိုဗစ်မတိုင်ခင်ကဆို ဧရာဝတီလင်းပိုင်များနှင့် ရေလုပ်သားများ အကျိုးတူ ငါးဖမ်းလုပ်ကိုင်ခြင်းများကို ပြည်တွင်း/ပြည်ပမှ ဧည်သည်များ လာရောက်လေ့လာကြည့်ရှုတဲ့အခါ ဒေသခံရေလုပ်သားများအနေဖြင့် လှေတစ်စီးကို (၃)ယောက်နှုန်းတင်ပြီး လိုက်လံပို့ဆောင်ပြသတဲ့အတွက် အခကြေးငွေ လေးသောင်းကျပ်ရရှိကာ များစွာအဆင်ပြေကြောင်း အင်ဒေါင်းကျေးရွာမှ ရေလုပ်သား ဦးမောင်လေးက ပြောသည်။
အဆိုပါ အင်ဒေါင်းကျေးရွာတွင် ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သား အကျိုးတူပူးပေါင်း ငါးဖမ်းဆီးမှု ရိုးရာဓလေ့ကို ရေရှည်ထိန်းသိမ်းနိုင်ပြီး ဧရာဝတီလင်းပိုင်အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများတိုးပွား၍ ဧရာဝတီလင်းပိုင်များကို ပိုမိုထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ကျေးရွာလူထုအခြေပြု သဘာဝခရီးသွားလာရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ထိုအဖွဲ့အစည်းတွင် ထမင်းဧည့်ခံကျွေးမွေးရေးအဖွဲ့၊ လင်းပိုင်းလိုက်လံပြသရေးအဖွဲ့၊ ယက်ကန်းလိုက်လံပြသရေးအဖွဲ့ဆိုပြီး ခွဲထားကာ ရောက်လာသည့် ဧည်သည်များကို ဝန်ဆောင်မှုပေးခြင်းဖြင့် မိသားစုစားဝတ်နေရေးနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ဝင်ငွေများရရရှိကြောင်းနှင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း ငါးလုပ်ငန်းဦးစီးဌာနှနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့၏ နှစ်စဉ် ဧရာဝတီလင်းပိုင် အရေအတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးရေး ပညာပေး ဟောပြောခြင်းနှင့် တရားမဝင်ငါးဖမ်းဆီးမှုများ တားဆီးအရေးယူမှုများနှင့် ကင်းလှည့်ထိန်းသိမ်းရေး ခရီးစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ Ecotourism Manager ကိုသန့်ဇင်က ပြောသည်။
ထွန်းမြင့်အောင်(ရွှေဘို)


