နေပြည်တော်  ၂၄  ဇူလိုင် 


ဧရာဝတီမြစ် အတွင်းသို့ နေ့စဉ်အားဖြင့် ပလတ်စတစ် အမှိုက်တန်ချိန်ပေါင်း ၁၁၉ တန်ခန့် စွန့်ပစ်နေကြပြီး ယင်းကို အမြန်ဆုံး အဖြေရှာကာ ရေထုညစ်ညမ်းမှုအား လျှော့ချရန် ကြိုးပမ်းသင့်ကြောင်း Fauna and Flora International (FFI)  နှင့် သန့်မြန်မာအဖွဲ့တို့ အတူပူးပေါင်း ဆောင်ရွက်သည့် ပလတ်စတစ်ညစ်ညမ်းမှု စစ်ဆေးခြင်းဆိုင်ရာ စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။


သန့်မြန်မာသည် မြန်မာနိုင်ငံအတွင်း ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄င်းတို့အဖွဲ့အစည်းနှစ်ခုပူးပေါင်း၍ မန္တလေးမှ ပြည်အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ မြစ်အတွင်းသို့ ပလတ်စတစ်အမှိုက် ၁၁၉ တန်ခန့် နေ့စဉ်ဝင်ရောက်နေခြင်းဖြစ်သည်ကို  လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။


ညစ်ညမ်းမှု အများဆုံးနေရာတွင် အမှိုက် ၃၂ တန်ခန့် နေ့စဉ်စွန့်ပစ်နေပြီး မြစ်ဝကျွန်းပေါ် ဒေသများဖြစ်ကြပြီး ဒုတိယအများဆုံးမှာ ရန်ကုန်မြစ်အတွင်းမှတစ်ဆင့် ပလတ်စတစ် ၂၉ တန်ခန့် နေ့စဉ်စွန့်ပစ်မှုများရှိကြောင်း အစီရင်ခံစာအတွင်း ဖော်ပြထားသည်။ ပြီးခဲ့သည့်လ အတွင်းက နေပြည်တော်တွင် ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒ ချမှတ်သူများ ပါဝင်သည့် မြန်မာနိုင်ငံ၏ ဧရာဝတီဖြစ်အတွင်း ပလတ်စတစ်ညစ်ညမ်းမှု၏ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့ပြီး အဖြေရှာခဲ့ကြသည်။


“ပလတ်စတစ် ညစ်ညမ်းမှုဟာ မြန်မာနိုင်ငံရဲ့ အလှတရားတွေကို ပျက်စီးစေပါတယ်။ လူသားတွေရဲ့ ကျန်းမာရေးအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အတွက် အစိုးရရော၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကရော၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေကရော ပူးပေါင်းပြီး ပလတ်စတစ် လျှော့ချရေးတိုက်ဖျက်တာ၊ ထောက်ပံ့ပေးတာနဲ့ တိုက်တွန်းအားပေး တာတွေ လုပ်မယ်ဆိုရင် ပြောင်းလဲမှုတွေရနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့် ဆွေက ပြောကြားခဲ့သည်။


အစီရင်ခံစာသတင်းထုတ်ပြန်ချက်အတွင်း ပရော်ဖက်ဆာဒေါက်တာ Fridtjof Nansen ၏ ရေယာဉ်သုတေသနများအရ မြန်မာ့ကမ်းရိုးတန်းများသည် ပလတ်စတစ် အပိုင်းအစများမှ ကွဲထွက်ပျက်စီးသွားသည့် ပလတ်စတစ်အမှုန်အမွှားများဖြင့် ညစ်ညမ်းနေကြရကြောင်း သိရှိရပြီး အခြားဆန်းစစ်မှုများအရ မြန်မာနိုင်ငံကို ဝန်းရံထားသည့် ဘင်္ဂလားပင်လယ်အော်ရှိရာ မြန်မာ့ကမ်းရိုးတန်းသည် တစ်စတုရန်းကီလိုမီတာတွင် ပလတ်စတစ် အမှုန်အမွှား ၂၈၀ဝဝ ကျော် ပျံ့နှံ့ညစ်ညမ်းနေကြောင်း၊ ယင်းပမာဏသည် အိန္ဒိယကမ်းရိုးတန်းထက် တစ်စတုရန်းကီလိုမီတာအတွင်း ပလတ်စတစ်အမှုန်အမွှား ၈၀ဝဝ ကျော် ပိုမိုများပြားနေကြောင်း ဖော်ပြထားသည်။


“ပလတ်စတစ်ညစ်ညမ်းမှုပြဿနာက တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း ဒီပြဿနာမှာ ဘယ်လောက်ပါဝင်နေတယ်ဆိုတာကို အခုလို အလုပ်ရုံဆွေးနွေးပွဲကနေရော၊ သုတေသနပြုချက်တွေကပါ ပထမဆုံးအကြိမ် တိုင်းတာတွက်ချက်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့က ပလတ်စတစ်ညစ်ညမ်းမှု ဘယ်လောက်ဆိုတဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်သလို အရေးယူဆောင်ရွက်တဲ့ ဖြေရှင်းချက်တွေကို ရှာဖွေဖို့ မူဝါဒချမှတ်တဲ့သူတွေနဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါမှ ကမ်းရိုးတန်း သဘာဝဝန်းကျင်ကို ဖျက်ဆီးနေတဲ့ ညစ်ညမ်းမှုတွေကို ရပ်တန့်နိုင်မယ်” ဟု Fauna and Flora International မှ တာဝန်ခံ ဦးဇော်လွန်းကပြောကြားသည်။


ရေထုညစ်ညမ်းမှုများကို လျှော့ချရန်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အမူအကျင့်ကောင်းများကို ပြောင်းလဲလုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းများအား အခွန်ကင်း လွတ်ခွင့်ပေးခြင်း၊ အသိပညာမြှင့်တင်ခြင်းနှင့် ပညာပေးခြင်းတို့ကို ပိုမိုလုပ်ဆောင်ရန် လိုအပ်နေပြီး ပလပ်စတစ်အခွန်ပေးဆောင်ခြင်း၊ သုံးစွဲခြင်းနှင့် ထုတ်လုပ်ရောင်းချခြင်းတို့ကို တားမြစ်ခြင်းများကိုလည်း ဆောင်ရွက်သင့်ကြောင်း သတင်းထုတ်ပြန်ချက်အတွင်း ဖော်ပြပါရှိသည်။ 


တစ်ခါသုံးပလတ်စတစ်အစား ပြန်လည်အသုံးပြုနိုင်သည့် ပလတ်စတစ်ကို အသုံးပြုနိုင်ရန် ဦးဆောင်လှုပ်ရှားမှုများအတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် အချို့နှင့်လည်း ပူးပေါင်းမည်ဖြစ်ကြောင်း သိရပြီး ဝန်ကြီးဌာနမှလည်း အကောင်းဆုံးသော ပလတ်စတစ် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အစီအစဉ်ကို အကောင်အထည်ဖော်ရန် ရေးဆွဲနေကြောင်း သိရှိရသည်။ 


ခင်ရတနာ၊ ဓာတ်ပုံ-သန့်မြန်မာ