နေပြည်တော် ဇန်နဝါရီ ၁၂

 

ဧရာဝတီမြစ်တွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ‌ (၁၀) ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပြည်ဆိပ်ခံတံတား ဧရာဝတီမြစ်ကမ်းတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နှစ်လက်မအရွယ် ငါးမြစ်ချင်းသားပေါက် အကောင်ရေ တစ်သိန်း ငါးမျိုးစိုက်ထည့်ပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့နဝဒေးရပ် မွေးမြူရေး တောင်သူ ဦးခင်မောင်ဇော် ၏ နို့စားနွား မွေးမြူရေးခြံသို့ ရောက်ရှိကြပြီး နို့စားနွား မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုကိုလည်းကောင်း၊ ဥစားကြက် မွေးမြူရေးအစာနှင့် ကြက်ပေါက်ဖြန့်ချိရေး ကြက်ခြံတွင်  ဥစားကြက် မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး နှင့်  အာဟာရ ပြည့်ဝစေမည့် တိရစ္ဆာန်အစာ အသုံးပြုရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ် ဖန်ခါးကျေးရွာ တောင်နဝင်း ရေသောက်စနစ် (PK-1) မြောင်းအဖျားပိုင်း ကုန်းမြင့်လယ်ယာမြေများကို နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ပျိုးရေ ပေးဝေနေမှုကိုလည်းကောင်း၊ တောင်သူ ဦးဝင်းညွန့်၏ မတ်ပဲ၊ နေကြာ သီးညှပ်စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ရေအသုံးချသူများအဖွဲ့နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေ ခြွေတာရေးအတွက် ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများကို အသုံးချဆောင်ရွက်ရန်၊ တောင်သူများအချင်းချင်း ညှိနှိုင်း၍ ဝင်ငွေရ တန်ဖိုးမြင့် သီးနှံများ ရွေးချယ်စိုက်ပျိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

 

အလားတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်း ရေလှောင်တမံ၏ စိုက်ပျိုးရေ ပေးဝေနေမှု၊ ပင်မရေလှောင်တမံ ကြံ့ခိုင်မှုများကို ကြည့်ရှုစစ်ဆေးပြီး  ဒုတိယဝန်ကြီး က သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု မှတ်တမ်းများ စနစ်တကျဖြစ်စေရေး၊ ရေလှောင်တမံနှင့် ရေသောက်စနစ်များ ရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို  ဆွေးနွေးမှာကြားသည်။

 

ညနေပိုင်းတွင် ပြည်မြို့ ဇီးအုပ်ကျေးရွာရှိ တောင်သူလယ်သမား သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်းတန်းခန်းမ၊ ထမင်းစားဆောင်နှင့် အိပ်ဆောင်များကို လှည်လည်ကြည့်ရှု စစ်ဆေးကာ ဒုတိယဝန်ကြီးက ခေတ်မီ နည်းပညာများ ဖြစ်စေရေး မျက်ခြေမပြတ် လေ့လာ၍ ဆွေးနွေးပို့ချမှု အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မိမိလုပ်ငန်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် နေ့စဉ်လူနေမှုပုံစံသစ်ဖြင့် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းရန်  လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်