ပွင့်ဖြူ   ၂၁  မေ    

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးဇပ်ခုံကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက ဧရာဝတီမြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ်နှစ်လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 

 

11

 

ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးဇပ်ခုံကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ဒေသခံကျေးလက်နေ ပြည်သူများအနေဖြင့် နှစ်စဉ် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျလာမှုကြောင့် မြစ်ကမ်းပါးနှင့် နီးစပ်နေသည့် လူနေအိမ်နှစ်လုံးအား ကျေးရွာရှိ လူမှုကူညီရေးအသင်းသားများနှင့် ဒေသခံရပ်မိရပ်ဖများ ပူးပေါင်းအဖွဲ့က ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့မှုများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 

 

22

 

အဆိုပါ လူနေအိမ်နှစ်လုံးမှ အိမ်ထောင်စုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီတည်းခို နေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက စီစဉ်ဆောင်ရွက်ပေးထားပြီး ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)