ရေစကြို   ၆   ဇူလိုင်  

 

မကွေးတိုင်းဒေသကြီး  ရေစကြိုမြို့နယ်  ကွေ့ထောင့်ကျေးရွာအမှတ် ၃၉၊ အခြေခံပညာ အထက်တန်းကျောင်းသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကျောင်းနှင့်  ပေ ၁၇၀ အကွာသို့ ရောက်ရှိလာကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သွဲ့သွဲ့မြင့်ထံက သိရသည်။

 

အဆိုပါ ကွေ့ထောင့်ကျေးရွာသည် ယခုနှစ် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု(၃၃)စု၊ အိမ်ပေါင်း ၂၇ အိမ်ရွေ့ပြောင်းခဲ့ရပြီး၊ ရွာဦး သာသနာ့ ဝေပုလ္လကျောင်းတော်ကြီးနှင့် သိမ်းကျောင်းဆောင်တို့ကိုအရေးပေါ်ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ဘုန်းတော်ကြီးကျောင်းနှင့် အမှတ် ၃၉ အခြေခံပညာမူလတန်းကျောင်းသည် လမ်းတစ်ခုသာခြားကြောင်း၊ ဧရာဝတီမြစ်ရေတိုက်စားမှုမှာလည်း မြစ်ကမ်းပါးပြိုကျမှု မြန်ဆန်စွာပြိုကျနေခြင်းကြောင့် စာသင်ကျောင်းအတွက် စိုးရိမ်ရကြောင်း ထိုစာသင်ကျောင်းဆောင်သည် စတင်ဆောက်လုပ်စဉ်က ဧရာဝတီမြစ်ကမ်းပါးနှင့် ပေ(၇၀ဝ)ကျော် ဝေးကြောင်း ပေ(၆၀x၃၀)၊ RC နှစ်ထပ်ဆောင်၊ပေ(၂၀)၊ပတ်လည် စာသင်ဆောင်ဖြစ်ကြောင်းရေတက်ချိန်တွင်   ကျောင်းအောက်ထပ်စာသင်မရဘဲ၊ ရေကျချိန်မှသာကျောင်း အောက်ထပ်စာသင်ရကြောင်း သိရပြီးအပေါ်ထပ်အောက်ထပ်   ပေ(၂၀)ပတ်လည်   ခြောက်ခန်းပါဝင်ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်ဦးထွန်းမြင့်က ရှင်းပြသည်။

 

ကွေ့ထောင့်ကျေးရွာသည်  မြစ်ကမ်းပါးပြိုကျမှုကြောင့် အကြိမ်ကြိမ်ရွေ့ပြောင်းနေရသည့် ကျေးရွာတစ်ရွာဖြစ်ကာ ၂၀၁၆ ခုနှစ်မှ မြစ်ကမ်းပါးပြိုကျလာခဲ့ရာ အိမ်ခြေ(၇၀)ကျော် ပြောင်းရွေ့ခဲ့ရပြီဖြစ်ကြောင်းနှင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် အကြိမ်(၆)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်းသိရပြီး ယခုအခါ အမှတ်  ၃၉-အခြေခံပညာအထက်တန်းကျောင်းနှင့် ပေ(၁၇၀)အကွာခန့် ရောက်ရှိနေပြီဖြစ်ကြောင်း ဦးထွန်းမြင့်မှပြောပြသည်။ ယခုအခါ ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်သော်လည်း မြို့နယ်ရေအရင်းမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးရေးဦးစီးဌာနက ရေတက်ချိန်ဧရာဝတီမြစ်ကမ်းပါးပြိုကျမှု သက်သာစေရန်အတွက် မြစ်ကမ်းပါးကမ်းတလျှောက် ဝိတ်လျော့ကျစေရန် ပေ ၂၀ပတ်လည်ရှိ မြစ်ကမ်းပါး ဝိတ်ပိစေမည့် အပင်များရှင်းလင်းကာ Steel Cable ကြိုးတန်းများချကာ ကမ်းပြိုသက်သာစေရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)