ပွင့်ဖြူ ၂၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာအုပ်စု ကျောင်းစု ကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာတို့တွင် ဇွန် ၂၈ ရက် နံနက် ၉ နာရီက ဧရာဝတီ မြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတွင် တည်ရှိသည့်ကျေးရွာများဖြစ်သည့်အတွက် ဒေသခံကျေးလက်နေ ပြည်သူများအနေဖြင့် ယခုကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းပါးပြိုကျလာ၍ မြစ်ကမ်းပါးနှင့် နီးသည့် လူနေအိမ်များကို ဒေသခံ ကျေးရွာနေပြည်သူများနှင့် ကျေးရွာရှိ လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းပါဝင်ကူညီမှုဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့ရသည့် လူနေအိမ် ၁၆ လုံးမှ အိမ်ထောင်စုဝင်များကို နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီ တည်းခိုနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


