မန္တလေး  ၂၂   ဇူလိုင်


ဧရာဝတီမြစ်ရေဝင်ရောက်မူကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၇၈ ကျောင်းကို ယာယီပိတ်ထားရပြီး ၎င်းတို့အနက် စဉ့်ကူးမြို့နယ်တွင် အများဆုံးဖြစ်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်တိုးက ပြောကြားသည်။


ဧရာဝတီမြစ်ရေဝင်ရောက်မူကြောင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်၍ ယာယီပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင် စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများကို ဆက်လက်ပိတ်ခဲ့ရသည့်အပြင် ဇူလိုင်၂၀ နှင့် ၂၁ ရက်နေ့များတွင် မြင်းခြံ၊ အမရပူရ၊ တံတားဦး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောင်းများကို ထပ်မံပိတ်ခဲ့ရကြောင်း သိရသည်။


"မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကြားလို့မရဘဲ ယာယီပိတ်ထားရတဲ့ အခြေခံပညာကျောင်းပေါင်းကတော့ လက်ရှိ ဇူလိုင် ၂၁ ရက်နေ့အထိ ၁၇၀ ကျော် ရှိပါပြီ။ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသွားရင်တော့ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးသွားမှာပါ အခုပိတ်ထားရတဲ့ ကျောင်းတွေကလည်း နှစ်စဉ်ရေဝင်ရောက်လေ့ရှိတဲ့ ကျောင်းတွေပဲ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။


ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းနှင့်အတူ မန္တလေးတိုင်ဒေသကြီးအတွင်း အခြေခံပညာကျောင်းများသို့ ရေဝင်ရောက်သည့်အတွက် စာသင်ကြား၍မရသည့်ကျောင်းများအနေဖြင့် သပိတ်ကျင်းမြို့နယ်၌ ၁၂ ကျောင်း၊ စဉ့်ကူးမြို့နယ်တွင် ၅၂ ကျောင်း၊ မတ္တရာမြို့နယ်တွင် ၃၉ ကျောင်း၊ တံတားဦးမြို့နယ်တွင် ၁၁ကျောင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀ကျောင်း၊ မြင်းခြံမြို့နယ်တွင် ၁၉ကျောင်း၊ အမရပူရမြို့နယ်တွင်၂၀၊ စဉ့်ကိုင်းမြို့နယ်၂ ကျောင်း၊ ညောင်ဦးမြို့နယ်တွင်၂ ကျောင်း၊ အောင်မြေသာစံမြို့နယ်တွင် ၁ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။


"မြစ်ရေဝင်လာတဲ့အတွက်  ကလေးတွေသွားလာရေးခက်ခဲတဲ့အပြင် အန္တရာယ်လည်းများတဲ့အတွက် ပိတ်လိုက်ရတာ ဖြစ်ပါတယ်။ အခုပိတ်လိုက်ရတဲ့ ရက်တွေအတွက်လည်း ပြန်လည်အစားထိုးသင်ကြားမှုတွေ လုပ်သွားမှာပါ ''ဟု ၎င်းက ဆက်လက် ပြောဆိုသည်။


၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ အခြေခံပညာ အထက်တန်းကျောင်း၂၉၁ ကျောင်း အထက်တန်းကျောင်း(ခွဲ) ၃၈၄ကျောင်း အလယ်တန်းကျောင်း ၃၃၁ ကျောင်း အလယ်တန်းကျောင်းခွဲ ၂၈၄ကျောင်း မူလွန်ကျောင်း ၅၀၅ ကျောင်း အမက ၂၃၈၀ ကျောင်း အမက(ခွဲ) ၆၁ကျောင်း စုစုပေါင်း ၄၂၃၆ ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အောင်ဖြိုးကျော်

 

32