တံတားဦး  ၂၂   ဇူလိုင် 


ဧရာဝတီမြစ်ရေသည် ယနေ့အထိ စိုးရိမ်ရေအမှတ်ထက် (၂၇)စင်တီမီတာကျော်လွန်၍ (၁၂၈၅) စင်တီမီတာအထိ မြင့်တက်လာမှုကြောင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေ(၅)နာရီက တံတားဦးမြို့ ဈေးချိုကျေးရွာအုပ်စု တိဿမာန်အောင်ဘုရားဝန်းအတွင်းရှိ ရွှေအင်းဝဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားသည်။ ထို့နောက် ရေဘေးသင့်ပြည်သူများအား ရက်တပတ်စာအတွက် လူတစ်ဦးလျှင် (၄)လီတာပါ ရေသန့်ဘူး(၄)ဘူး၊ ယမ်ယမ်(၇)ထုပ်နှင့် ကြက်ဥ(၇)လုံး၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရိက္ခာဘိုးငွေ လူတစ်ဦးလျှင်(၂၁၀ဝ)ကျပ်တို့ကို အသီးသီပေးအပ်လှူဒါန်းကြပြီး ရေဘေးသင့်ပြည်သူများကိုယ်စား ဈေးချိုကျေးရွာ ဦးမော်တာက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 


တံတားဦးမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စု၊ ကျေးရွာပေါင်း(၃၅)ရွာ၊ အိမ်ခြေ၊ အိမ်ထောင်စုပေါင်း (၂၅၃၅)စု၊ ပြောင်းရွေ့လူဦးရေပေါင်း(၁၀ဝ၄၃)ရှိပါကြောင်း ယနေ့တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့လှူဒါန်းငွေ(၃၅၂၅၀၉၃၀)ကျပ်နှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရိက္ခာဘိုးငွေကျပ် (၂၁၀၉၀၃၀ဝ)ကျပ်၊ စုစုပေါင်းပြောင်းရွေ့လူဦးရေ(၁၀ဝ၄၃)ဦးအတွက် ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း (၅၆၃၄၁၂၃၀)ကျပ်ဖြစ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်းဝအတွင်း ရေကြီးနစ်မြုပ်သည့် နေရာများသို့ သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။


ရဲတင့်