မန္တလေး ၂၃ ဇူလိုင်
ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အတူ တောင်သမန်အင်းအတွင်းသို့ မြစ်ရေများ ဝင်ရောက်လာမှုကြောင့် တောင်သမန်တံတား ကြံ့ခိုင်မှုအခြေအနေများအား လိုအပ်သလို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် စောင့်ကြပ်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတောင်သမန်တံတားအား ခရီးသွားများ လာရောက်လေ့လာအပန်းဖြေမှု အများဆုံးဖြစ်သည့် သင်္ကြန်ကာလ၊ ကဆုန်လပြည့်နေ့နှင့် ဝါဆိုလပြည့်နေ့ စသည့် အခါကြီးရက်ကြီးများတွင် တံတားပေါ်မှ အန္တရာယ်ကင်းစွာ ဖြတ်သန်းအပန်းဖြေနိုင်ရန်အတွက် လိုအပ်သော ကြံ့ခိုင်မှုများကို ယခုနှစ် သင်္ကြန်မတိုင်ခင် ဧပြီလကတည်းက ကြိုတင်၍ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
“အခါကြီးရက်ကြီးတွေမှာ ဒီတံတားပေါ်ကို လူအုပ်စုတွေများကြီး ဖြတ်လျှောက်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် တံတားရဲ့ချုပ်တန်းတွေ ပြုပြင်တယ်။ တံတားတိုင်တွေကိုလည်း မျောတိုင်တွေ သစ်မာတွေနဲ့ ထောက်ကန်ပေးထားပြီး ဆင့်တန်းတွေနဲ့ တံတားကြမ်းခင်းတွေကိုလည်း အစားထိုးလဲလှယ် ပြုပြင်ပေးခဲ့တယ်။ ဒါအပြင် တံတားကြမ်းခင်းတွေမှာ ရိုက်ထားတဲ့ သံတွေပြုတ်နေတာ ကြွနေတာကို ပြန်ရိုက်ပြီး တံတားရဲ့ ကြံ့ခိုင်မှုအတွက် ကျွန်တော်တို့ဌာနက ဦးဆောင်ပြီး အလှူရှင်ရဲ့ လှူဒါန်းငွေတွေနဲ့ သြင်္ကန်မတိုင်ခင်ကတည်းက ဆောင်ရွက်ထားပါတယ်။ အခု တောင်သမန်အင်းထဲ ရေဝင်ရောက်တဲ့ ကာလမှာလည်း သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့တွေနဲ့ တာဝန်ကျဝန်ထမ်းတွေက အချိန်နဲ့တစ်ပြေးညီ တံတားအခြေအနေတွေကို သတင်းပေးပို့နေတဲ့အပြင် ကျွန်တော်တို့ ဌာနကလည်း သွားရောက်ကြည့်ရှုစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါအပြင် ရေပြန်ကျသွားရင်လည်း လိုအပ်တဲ့ပြုပြင်မွမ်းမံမှုတွေကို ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တောင်သမန်အင်းအတွင်း မြစ်ရေဝင်ရောက်လာမှုကြောင့် တံတားကြမ်းခင်းနှင့်ထိစပ်ရန် လေးပေခန့်သာ လိုတော့သည့်အတွက် တံတားပေါ်တွင် ဖြတ်သန်းသွားလာကြသည့် ခရီးသွားများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန် အင်းအတွင်း၌ ငှက်လှေများဖြင့် လုံခြုံရေး ဆောင်ရွက်ထားကြောင်း သိရသည်။
“မြစ်ရေတွေ ဝင်လာတဲ့အတွက် တောင်သမန်အင်းနဲ့ တံတားပေါ်ကို လာရောက်ကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ အန္တရာယ်တစုံတရာဖြစ်ခဲ့ရင် အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ငှက်လှေတွေကို အလှည့်ကျစနစ်နဲ့ အင်းပတ်ပတ်လည်မှာ လုံခြုံရေး တာဝန်ချထားပါတယ်”ဟု တောင်သမန်ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
လက်ရှိအခြေအနေတွင် တောင်သမန်တံတားသို့ နေ့စဉ် ပြည်တွင်းခရီးသွားဦးရေ ၇၀၀ ကျော်နှင့် နိုင်ငံတကာခရီသွား ၃၀၀ ကျော် ဝင်ရောက်လည်ပတ်လျက်ရှိပြီး ယခုရာသီ၌ တရုတ်ခရီးသွား အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


