နေပြည်တော် ၂၃ သြဂုတ်
မြန်မာနိုင်ငံအတွင်း ကြိုးကြာခေါင်းနီ အသိုက်များကို ဇူလိုင်လမှစကာ စတင်တွေ့ရှိ၊ မှတ်တမ်းတင်နေပြီး တချို့အသိုက်များကို သွားရောက်အတည်ပြုထားပြီးဖြစ်ကြောင်း၊ တချို့အသိုက်များကိုလည်း ဒေသခံများက မှတ်တမ်းတင်ထားကြောင်း WCS Myanmar မှ သိရသည်။
ကြိုးကြာ ထိန်းသိမ်းရေး သုတေသနများကို ၂၀၁၆ ခုနှစ်မှ စတင်၍ လုပ်ဆောင်လာခဲ့ရာ ယင်းနှစ်တွင် ၃၃ သိုက်၊ ၂၀၁၇ ခုနှစ်တွင် ၁၃၈ သိုက် နှင့် ၂၀၁၈ ခုနှစ်တွင် ၁၈၄ သိုက်တို့ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး သုတေသနပြုလုပ်ချက်များအရ တစ်နှစ်ထက် တစ်နှစ် ပိုမိုအောင်မြင်လာလျက်ရှိသည်ဟု သိရသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ၂၀၁၆ ခုနှစ်တွင် အကောင်ရေ ၄၀ဝ ခန့်သာ မှတ်တမ်းရရှိခဲ့ရာ ၂၀၁၉ ခုနှစ်တွင် အကောင်ရေ (၆၀ဝ) ကျော် ခန့်မှန်း မှတ်တမ်းရရှိထားသည်။
အဆိုပါဒေသတွင် ကြိုးကြာအပါအဝင် အခြားသောမျိုးစိတ်များ ရေရှည်ထိန်းသိမ်းရေး ဆောင်ရွက်နိုင်ရန်အတွက် ရပ်ရွာအခြေပြု သဘာဝခရီးသွားလုပ်ငန်း (ကျုံကပြင်တက်ဆိပ် - Community Conservation Group) နှင့် ဒေသခံသားငှက်ထိန်သိမ်းရေး အစုအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားပြီး ပြည်တွင်း၊ ပြည်ပ ငှက်ဝါသနာရှင် ခရီးသွားများလည်း ဝင်ရောက်လျက်ရှိသည်။
သစ်တောဦးစီးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် အိမ်မဲမြို့နယ်တို့တွင် ကြိုးကြာခေါင်းနီ ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
MDN
Soruce - WCS Myanmar


