ကန်ကြီးထောင့် ၇ ဇူလိုင်
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရဖွဲ့မှ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီသို့ ထောက်ပံ့ပေးအပ်ခဲ့သော ယာဉ်၊ စက်ယန္တရားများဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ပြည်သူများ၏ လိုအပ်ချက်များကိုပါ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ သန့်ရှင်းသာယာလှပစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ရရှိလာသော အမှိုက်သိမ်းယာဉ်တစ်စီးနှင့် ဘက်ဟိုးတစ်စီးတို့ကို မြို့ပေါ်ရပ်ကွက် ၇ ခုအပါအဝင် ဒါးကကျေးရွာနှင့် မြင်းကဆိပ်ကျေးရွာများတွင် နေ့စဉ်အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများတွင် ထပ်မံဖြည့်တင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်များကို ယခင်ထက် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဌေးလွင်က ပြောသည်။
ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီတွင် ယခုထောက်ပံ့ပေးအပ်သော ယာဉ်နှင့် စက်ယန္တရားအပါအဝင် အမှိုက်သိမ်းယာဉ် ၄ စီးနှင့် ဘက်ဟိုး ၁ စီး စုစုပေါင်း ယာဉ် ၅ စီးရှိပြီး လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စက်ယန္တရားကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်အသုံးပြုတတ်စေရန် စည်ပင်ဝန်ထမ်းများကို သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိမှ ဆက်လက်ပြောကြားခဲ့သည်။
နန်းထိုက် (KGD)


