ဟင်္သာတ ၁၅ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးဦးဝင်းမြင့်သည် တိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ရုံးအဖွဲ့မှူး ဒေါ်လဲ့လဲ့ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေး၊ ဟင်္သာတ ခရိုင်တရားသူကြီး ဦးညီညီအေးနှင့် မြို့နယ်တရားသူကြီး ဒေါ်မျိုးမာလာခင်တို့ လိုက်ပါလျက် သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းက ဟင်္သာတအကျဉ်းထောင်နှင့် မြို့မရဲစခန်း အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးစဉ် ဟင်္သာတအကျဉ်းထောင်မှူး ဦးညွန့်ဘိုဝင်းက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံ နေရသူများနှင့် အချုပ်ကျနေသူများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်မှု၊ သောက်သုံးရေ ရရှိမှုအခြေအနေတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့် အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူများ၊ အချုပ်ကျနေသူများ နေထိုင်သည့် အဆောင်များ၊ ဆေးပေးခန်း၊ စားဖိုဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းကျနေသူ၊ အချုပ်ကျနေသူများ၏ နေရာထိုင်ခင်း သက်သာချောင်ချိမှုရှိ /မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရ/မရ၊ ညှင်းပန်း နှိပ်စက်ခံရ မှုများရှိ/မရှိ၊ အစားအသောက်နှင့် အာဟာရ စားသုံးရသည့် အခြေအနေ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရ/မရ တို့ကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဟင်္သာတ မြို့မရဲစခန်း အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကြံခင်း၊ မြန်အောင်နှင့် အင်္ဂပူမြို့ မရဲစခန်းရှိ အချုပ်ခန်းများကို ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)


