ပုသိမ် ဇွန် ၁၁
၂၀၂၆ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်)၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများနှင့် ရေကူးအားကစားနည်း ဒိုင်ဗင်ထိုးသရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ အမျိုးသမီး/အမျိုးသား မီတာ ၅၀ အလွတ်ကူး၊ မီတာ ၅၀ ပက်လက်ကူး၊ မီတာ ၅၀ ရင်ပေါင်တန်းကူး၊ မီတာ ၅၀ လိပ်ပြာကူး၊ မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့က ချီးမြှင့်ပြီး အမျိုးသမီး/ အမျိုးသား မီတာ ၁၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်သူများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် စုပေါင်းတံခွန်စိုက်ဆုရရှိသည့် မြောင်းမြမြို့နယ်အား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


