ညောင်တုန်း ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာရှိ Top Dairy Farm ပုဂ္ဂလိက နွားမွေးမြူရေးခြံသို့ သွားရောက်၍ နို့စားနွား မွေးမြူရေးလုပ်ငန်း၊ နွားနို့ထုတ်လုပ် ရောင်းချနေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးမိုးခိုင်နှင့် လုပ်ငန်းရှင် ဦးမြတ်သိန်းထွန်းတို့က လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းကြီးတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask အခု ၁၀၀၀၊ Level 2 PPE ဝတ်စုံ ၁၀၀ တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးလှိုင်နှင့် ချောင်းကြီးတိုက်နယ်ဆေးရုံအုပ် ဒေါက်တာသက်စုမွန်ဝင်းတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


